Homeမြန်မာသတင်း
မင်းတုန်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း ကျပ် သန်း ၁၈၀၀ ကျော်ဖြင့် ဆောင်ရွက်နေ
မင်းတုန်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း ကျပ် သန်း ၁၈၀၀ ကျော်ဖြင့် ဆောင်ရွက်နေ
DVB
·
February 19, 2019
မကွေးတိုင်း၊ သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်း ကမ္ဘာ့ဘဏ်နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်းကို ကျပ် သန်း ၁၈၀၀ နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ စီမံကိန်းတာဝန်ခံ က ပြောပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ လူထုဗဟိုပြုစီမံကိန်း(CDD) စတုတ္ထနှစ် စက်ဝန်းနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းခွဲ ၁၈၄ ခုကိုဆောင်ရွက်နေရာမှာ အခု လုပ်ငန်းခွဲ ၁၁ ခု ပြီးစီးနေပြီလို့ မင်းတုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဦးဝင်းသူရက ပြောပါတယ်။
လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် လမ်းလုပ်ငန်း ၅၁ ခု၊ တံတားလုပ်ငန်း ၅ ခု၊ ရေပေးရေးလုပ်ငန်း ၂၃ ခု၊ မီးလင်းရေးလုပ်ငန်း ၇၂ ခု၊ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ၁၀ ခု၊ ဘက်စုံသုံးခန်းမ ၁၆ ခု၊ မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ၇ ခုတို့ကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ လမ်းလုပ်ငန်း(၇)ခု၊ ရေပေးရေးလုပ်ငန်း(၁)ခု၊ မီးလင်းရေးလုပ်ငန်း(၃)ခု၊ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရပါတယ်။
လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်မှ စတင်ကာ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာ အားလုံးမှာ အကောင်အထည်ဖော်ခဲ့တာပါ။
အဆိုပါ စီမံကိန်းနဲ့ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာအားလုံး စီမံကိန်းပထမနှစ်စက်ဝန်း၊ ဒုတိယနှစ်စက်ဝန်းနှင့် တတိယနှစ်စက်ဝန်းတွင် အခြေခံအဆောက်အဦလုပ်ငန်းခွဲ ၄၈၀ခုကို စီမံကိန်းထောက်ပံ့ငွေကျပ် ၄၅၀၅ ဒသမ ၃၁၇၂၉၉ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၂၉၀ ဒသမ ၅၄၂၁၅၈ သန်း စုစုပေါင်းငွေကျပ် ၄၇၉၅ ဒသမ ၈၅၉၄၅၇ သန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ နည်းပညာထောက်ပံ့မှု၊ အနီးကပ်ကြီးကြပ်မှုနဲ့ ကျေးရွာ လူထုကိုယ်တိုင် ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကိုလင်း(ချောက်)