အကယ်ဒမီဗန်းကိုင် ရွှေကြိုအကူမောင်မယ်များကို ပြင်ပက ခေါ်ယူမည်မဟုတ်
သူသူအောင်
·
February 19, 2019
၂၀၁၈ အကယ်ဒမီပေးပွဲအတွက် ရွှေကြိုခေါ် အကယ်ဒမီဗန်းကိုင် အကူမောင်မယ်တွေကို ပြင်ပကနေ ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။
လာမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီဗန်းကိုင်မယ့် အကူမောင်မယ်တွေကို အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်သားသမီးတွေကိုပဲ ခေါ်ယူဆောင်ရွက်သွားမယ်လို့လည်း ဦးဇင်ဝိုင်းကပြောပါတယ်။
ရွှေကြိုအကူမောင်မယ်တွေအဖြစ် သရုပ်ဆောင်မြင့်မြင့်ခင်၊ ခင်ဇာခြည်ကျော်၊ မင်းသူ၊ ခင်လှိုင်၊ နေထက်လင်း၊ အိန္ဒြာကျော်ဇင်တို့ရဲ့ မျိုးဆက်တွေဖြစ်တဲ့ မိန်းခလေး ၅ ဦးနဲ့ ယောက်ျား ၅ ဦး စုစုပေါင်း ၁၀ ဦးကို ရွေးချယ်ထားပါတယ်။
အခုလို အနုပညာရှင်တွေရဲ့သားသမီးတွေကို အကူမောင်မယ်တွေအဖြစ်ခေါ်ယူတာနဲ့ ပတ်သက်ပြီး အနုပညာရှင်တချို့ကတော့ ကန့်ကွက် ဝေဖန်ခဲ့ကြပါတယ်။
၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို မတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မှာ ကျင်းပဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက စီစဉ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။