အကယ်ဒမီ ရွှေကမ္ဘာလုံးဆုရ ထူးထူးခြားခြား အဖြူအမည်းရုပ်ရှင်ကား – Roma (နမူနာ)

ဓာတ်ပုံ - Netflix
ထူးထူးခြားခြား အဖြူအမည်း ရုပ်ရှင်ကားတကားဖြစ်တဲ့ Roma ရုပ်ရှင်ကားဟာ မကြာခင်မှာ ကျင်းပတော့မယ့် အော်စကာဆု ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါတယ်။ မက္ကဆီကန်-အမေရိကန် ဒရာမာ အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားဟာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ၇၆ ကြိမ်မြောက် နာမည်ကြီး ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဇာတ်ကားဆုတွေ ရရှိထားပါတယ်။ စပိန်ဘာသာစကားပြော ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ မက္ကဆီကန် ရုပ်ရှင်ဒါရိုက်တာ Alfonso Cuarón က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ၁၉၇၀-၇၁ ခုနှစ်ကာလ ဝန်းကျင်ကို အခြေတည် ရိုက်ကူးထားတဲ့ Roma ရုပ်ရှင်ကားဟာ မက္ကဆီကိုမှာ အလုပ်လုပ်ခဲ့တဲ့ အိမ်အကူတဦးနဲ့ သူအလုပ်လုပ်ရာ မိသားစုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဒါရိုက်တာ Alfonso Cuarón က ရုပ်ရှင်ကို သူကြီးပြင်းရာ မက္ကဆီကိုစီးတီးမြို့ အနီးဝန်းကျင် နေရာတခု နာမည်ကို ပေးထားတာဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မက္ကဆီကန် သရုပ်ဆောင်မင်းသမီး ၂ ဦးဖြစ်ကြတဲ့ Yalitza Aparicio နဲ့ Marina de Tavira တို့က တခြားသရုပ်ဆောင်တွေနဲ့အတူ ခေါင်းဆောင် ပါဝင်ထားကြတာပါ။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.9 အထိ ရရှိထားပြီး ပါဝင်တဲ့ သရုပ်ဆောင်မင်းသမီး ၂ ဦးလုံးရော ရုပ်ရှင်ကားပါ မကြာခင်ကျင်းပမယ့် အော်စကာဆု ဆန်ကာတင်စာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ထူးခြားတာက ဒီကားဟာ အွန်လိုင်းမီဒီယာ ကော်ပိုရေးရှင်းတခုဖြစ်တဲ့ Netflix က တင်ဆက်လိုက်တဲ့ ဇာတ်ကားတကားဖြစ်နေပြီး ဟောလိဝုဒ် ရုပ်ရှင်လောကအနေနဲ့ အွန်လိုင်းမီဒီယာဝန်ဆောင်မှု လုပ်ငန်းကို သူ့ရဲ့ ထိပ်တန်းဆုတဆုဖြစ်တဲ့ အော်စကာဆုကို ချီးမြှင့်မလားဆိုတာ စမ်းသပ်မယ့် သမိုင်းမှတ်တိုင်တခုလည်း ဖြစ်နေတာမို့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up