အထပ်မြင့်တိုက်များရှိ မီးဘေးအရေးပေါ် ဟောင်းနွမ်းလှေကားများ ပြန်တပ်ဆင်ရန် ညွှန်ကြား
ဇေယျာချမ်းအေး
·
February 18, 2019
ရန်ကုန်မြို့ရှိ ငါးထပ်နဲ့အထက်အဆောက်အအုံတွေက ဟောင်းနွမ်းနေတဲ့ မီးဘေး အရေးပေါ်လှေကားတွေကို ပြန်လည်တပ်ဆင်ဖို့ မြို့တော်ဝန်က ညွှန်ကြားလိုက်ပါတယ်။
ရန်ကုန်မှ နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ခဲ့တဲ့ ငါးထပ်နဲ့ အထက်အဆောက်အအုံတွေရဲ့ မီးဘေးအရေးပေါ် သံလှေကားတွေဟာ ပျက်စီးပြီး ခိုင်ခံ့ လုံခြုံမှုမရှိတာကို စစ်ဆေးတွေ့ရှိရလို့ အသစ် ပြန်လည်တပ်ဆင်ဖို့ ရန်ကုန်မြို့တော်ဝန်က ညွှန်ကြားထားတာပါ။
ဖေဖော်ဝါရီ ၁၈ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်ဦး တဦးရဲ့ မေးမြန်းချက်ကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖြေကြားရာမှာ ထည့်သွင်းပြောဆိုသွားတာပါ။
နွေရာသီရောက်လာပြီဖြစ်တဲ့အတွက် မီးဘေးအန္တရာယ် ကြုံတွေ့လာရင် ရန်ကုန်မြို့က ပြည်သူတွေအတွက် စိုးရိမ်စရာရှိတယ်လို့ မေးခွန်းရှင် မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၇ခုနှစ်ကစပြီး အထပ်မြင့် အဆောက်အအုံသစ်တွေ ဆောက်လုပ်ရာမှာ အရေးပေါ်လှေကားတွေကို သံကူကွန်ကရစ်နဲ့ တည်ဆောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
၂၀၁၇ခုနှစ် အစောပိုင်းက တည်ဆောက်တဲ့အဆောက်အအုံတွေမှာတော့ အရေးပေါ် သံလှေကားတွေကိုသာတပ်ဆင်ခဲ့တဲ့အတွက် ကာလကြာတဲ့အခါ ယိုယွင်းပျက်စီးတာတွေ ရှိလာပါတယ်။