DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဂျပန် စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ခန့် ရင်းနှီးမြှုပ်နှံမှုကိစ္စ ဆွေးနွေး
DVB
·
September 28, 2012
Donate to DVB

ရန်ကုန်မြို့က ဆီဒိုးနားဟိုတယ်မှာ မြန်မာ-ဂျပန် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းရှင် ၁၀၀ လောက်ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေကို ဆွေးနွေးနေပါတယ်။

မြန်မာ-ဂျပန် ၉ ကြိမ်မြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို မြန်မာကုန်သည် စက်မှုအသင်းချုပ် (UMFCCI) နဲ့ ဂျပန်ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းတို့က ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။

အဲဒီဖိုရမ်ကို တက်ရောက်သူ ၁၀၀ ခန့်ထဲမှာ ၇၀ ခန့်က ဂျပန်လုပ်ငန်းရှင်တွေဖြစ်ပြီး ကျန် ၃၀ ခန့်က မြန်မာတွေဖြစ်တယ်လို့ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

ကနဦးပိုင်းမှာ နှစ်ဘက်စလုံးက ကိုယ့်နိုင်ငံအကြောင်းကို ကိုယ်စီရှင်းလင်းပြောဆိုခဲ့ကြ တယ်လို့ ပြောပါတယ်။

“မြန်မာ့ခရီးသွားလုပ်ငန်းရှင်အသင်းရဲ့ ဦးမောင်မောင်ဆွေက တိုးရစ်တွေ မြန်မာပြည်မှာ ခရီးသွားလာရတဲ့အခြေအနေကို သူရှင်းပြတယ်။ သူရှင်းပြတာက မြန်မာပြည်မှာ ဟိုတယ်တွေတော့ရှိပါတယ်။ ဒါပေမယ့် အခန်းတွေက တည်းလို့မရဘူးဆိုတဲ့အကြောင်း၊ နောက် နာမည်ကြီးဟိုတယ်တွေကလည်း ရုံးခန်းတွေဖွင့်ထားတဲ့အတွက် ခရီးသွားဧည့်သည်တွေလာရင် အဆင်မပြေဘူးဆိုတဲ့အကြောင်း ရှင်းပြပြီး ဂျပန်လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုမျိုး အမြင်ရှိလဲ မေးတော့ ဂျပန်တယောက်က ရှင်းတယ်။ သူတို့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံရင် အဆင်ပြေမလားဆိုတဲ့ မေးခွန်းပြန်ထုတ်တဲ့ ပုံစံနဲ့ ပြန်မေးနေတယ်။”

ဒီဖိုရမ်မှာ တက်ရောက်လာသူတွေက တဦးချင်းရော၊ အုပ်စုလိုက်ပါ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ အစီအစဉ်တွေ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ ဒီဖိုရမ်ကို ညနေ ၆ နာရီခန့်ထိ ကျင်းပဖွယ်ရှိနေပါတယ်။

မြန်မာအစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုခဲ့တဲ့ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံပေါ် တင်ရှိတဲ့ကြွေးမြီတွေကို လျော်ပစ်ခဲ့သလို စီးပွားရေးအထောက်အပံ့တွေကို ပြန်လည်ပေးအပ်ကူညီတာတွေ စတင်လုပ်ဆောင်နေ တာ ဖြစ်ပါတယ်။

ဂျပန်လုပ်ငန်းရှင်တွေဟာ မြန်မာပြည်မှာ အကြီးစား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေကြပြီး ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO) ရဲ့ စီးပွားရေးဌာန တခုကို ရန်ကုန်မှာ ဖွင့်ထားပြီးဖြစ်ပါတယ်။

ဂျပန်နိုင်ငံက The Mizuho Financial Group Inc က ဘဏ္ဍာရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ အစိုးရ၀န်ကြီးဌာနတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို နည်းပညာ အကူအညီတွေ ထောက်ပံ့ပေး မှာဖြစ်ပါတယ်။

ဂျပန်ဟာ မတ်လက ကုန်ဆုံးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ အပြန်အလှန်ကုန်သွယ်မှုက ၈၂၂ သန်းခွဲရှိပြီး အရင်နှစ်ကထက် နှစ်ဆတက်ခဲ့သလို ဒီနှစ်ဧပြီကနေ ဇူလိုင်လထိ ၄ လအတွင်း ကုန်သွယ်ရေးက ၄၄၃ ဒဿမ ၆၅ သန်းကို ရောက်ခဲ့ပါတယ်။  ဂျပန်က ၃၃၇ ဒဿမ ၁၉ သန်းတင်ပို့ပြီး မြန်မာက ဂျပန်ကို ၁၀၆ ဒဿမ ၄၆ သန်း တင်ပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013