DVB Logo
Home
သုံးသပျခကျြ
မြန်မာ့ပို့ကုန်တွေ အမေရိကန်အတွက် ကျန်သေးရဲ့လား
DVB
·
September 28, 2012
မြန်မာ့ပို့ကုန်တွေ အမေရိကန်အတွက် ကျန်သေးရဲ့လား
Donate to DVB

မြန်မာပြည်ဟာ တချိန်တုန်းကတော့ ဆန်၊ အ၀တ်အထည်ကနေ ကမ္ဘာကျော် ပတ္တမြားတွေအထိ ကုန်ပစ္စည်းတွေ အမြောက်အမြား နိုင်ငံခြားကို တင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် လောင်စာနဲ့ စားသောက်ကုန်တွေကို အဓိက လိုအပ်တဲ့ တရုတ်နဲ့ အိန္ဒိယက လွဲလို့ မြန်မာ့ပို့ကုန်တွေကို ၀ယ်ချင်သူတွေ နည်းပါးခဲ့ပါတယ်။

အခုတော့ အမေရိကန်က မြန်မာ့ပို့ကုန်တွေကို ပြန်ဖွင့်ပေးတော့မယ်ဆိုလေတော့ အခြေအနေတွေ အရင်နဲ့ မတူဘဲ ပြောင်းလဲသွားတော့မယ် ပုံပါပဲ။ ဒါပေမယ့် မြန်မာ့ပို့ကုန်တွေထဲက အမေရိကန် စားသုံးသူတွေအတွက် ဘာတွေကျန်သေးလဲလို့ မေးစရာရှိပါတယ်။

အရင်ဆုံး လက်ရှိ မြန်မာပို့ကုန်တွေကို ကြည့်ကြရအောင်ပါ။

မြန်မာ့ပဲအမျိုးမျိုးကို အဓိက တင်ပို့နေတဲ့ နိုင်ငံက အိန္ဒိယဖြစ်ပြီး၊ ကျောက်မျက်နဲ့ သစ်မာတွေကို တရုတ်ပြည်ကို အဓိက တင်ပို့နေပါတယ်။ မြန်မာ့အထည်အလိပ်ပို့ကုန်တွေကို အဓိက လက်ခံတဲ့ နိုင်ငံက ဂျပန်နိုင်ငံပါ။ လောလောဆယ် မြန်မာ့ပို့ကုန်တွေကို စာရင်းချကြည့်လိုက်ရင် ဓာတ်ငွေ့က ပို့ကုန်တန်ဖိုးရဲ့ ၅၇ ရာခိုင်နှုန်း၊ ပဲအမျိုးမျိုးက ၁၈ ရာခိုင်နှုန်း၊ ကျွန်းနှင့် သစ်မာက ၁၀ ရာခိုင်နှုန်း၊ အထည်အလိပ်က ၆ ရာခိုင်နှုန်း၊ ဆန်က ၅ ရာခိုင်နှုန်း၊ ငါးနှင့် ပင်လယ်ထုတ်ကုန်ပစ္စည်းက ၄ ရာခိုင်နှုန်းအသီးသီးရှိပါတယ်။

အဲဒီတော့ ဒီပို့ကုန်တွေထဲမှာ ဘယ်လို ကုန်ပစ္စည်းမျိုးကို အမေရိကန်အတွက် ဖြစ်လာမလဲ စဉ်းစားကြည့်ရအောင်။

ဖြစ်နိုင်ခြေပို့ကုန်ကတော့ ဆန်ပါ။ မြန်မာပြည်ဟာ အခုလို စီးပွားရေးချွတ်ခြုံကျရတဲ့ အခြေအနေကို တရှိန်ထိုးကျမသွားခင်တုန်းက ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ အဲဒီနေရာကို ထိုင်းနဲ့ ဗီယက်နမ်တို့က ရယူလိုက်ပါပြီ။

မြန်မာပြည်ရဲ့ ဆန်စပါးထုတ်လုပ်မှု တိုးတက်လာဖို့နဲ့ ဈေးကွက်တွေ ရဖို့ကတော့ အချိန်ယူရပါဦးမယ် ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ဟာ အရင်တုန်းကလိုမျိုး ဆန်စပါး အမြောက်အမြားထုတ်လုပ်နိုင်တဲ့ နိုင်ငံတနိုင်ငံ မဖြစ်နိုင်လို့ မပြောနိုင်ပါဘူး။ ဒါက မြန်မာပြည်အပိုင်းပါ။ အမေရိကန်ဘက်က ကြည့်ရင်တော့ အမေရိကန်က ထွက်တဲ့ဆန်က အမေရိကန်အတွက် အလျှံပယ် ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာပြည်က ပို့လိုက်တဲ့ ဆန်နဲ့ ချက်ထားတဲ့ ထမင်းက အမေရိကန် ပြည်ထောင်စု အိုင်အိုင်ဝါက ညစာစားပွဲတွေမှာ အခန့်သားနေရာယူဖို့ဆိုတာကတော့ အခုလည်း မဖြစ်နိုင်၊ နောင်မှာလည်း ဖြစ်နိုင်ဖို့ မရှိပါဘူး။

ဒါဖြင့်ရင် ကျောက်စိမ်းတို့လို ကျောက်မျက်ရတနာတွေရောလို့ မေးစရာရှိပါတယ်။ အခုနှစ်ပိုင်းတွေ အတွင်းမှာ ကျောက်စိမ်းကို တရုတ်တွေက အသည်းအသန်အ၀ယ်လိုက်တာကြောင့် ကျောက်စိမ်းဈေးတွေ ခေါင်ခိုက်နေပါတယ်။ ကျောက်ကုန်သည်တွေ၊ ကျောက်တွင်းပိုင်ရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်းချီပြီး ရကြ၊ ပွကြပါတယ်။ ဒါပေမယ့် ကျောက်စိမ်းဆိုတာမျိုးကလည်း ကြိုက်လက်စရှိမှ ကြိုက်တတ်ကြတဲ့ ရတနာမျိုး ဖြစ်နေပါတယ်။ တရုတ်တွေရဲ့ သည်းခြေကြိုက်ရတနာ အမျိုးအစားပါ။ တခြား ပတ္တမြားတို့လို တခြားကျောက်မျက်တွေကို ကမ္ဘာ့ဈေးကွက်မှာ ထိုးဖောက်နိုင်နေတဲ့အချိန်မှာ ဈေးကွက်ထဲကို အမေရိကန်တွေ ၀င်လာလို့ မြန်မာ့ကျောက်မျက်ဈေးကွက်က သိပ်ကြီး ထူးခြား ပြောင်းလဲသွားမယ့်ပုံတော့ မရှိပါဘူး။

နောက်တခုက မြန်မာပြည်မှာ ရေနံနဲ့ဓာတ်ငွေ့လို စွမ်းအင်အရင်းအမြစ်တွေ ပေါကြွယ်လှပါတယ်။ တကယ်တမ်းကျတော့ ဒါတွေကလည်း မြန်မာပြည်ရဲ့ မြောက်ပိုင်း တရုတ်ပြည်နဲ့ အရှေ့ဘက်က ထိုင်းနိုင်ငံတို့ဆီကိုပဲ ဦးတည် နေပုံရပါတယ်။ မြန်မာပြည် ကပ္ပလီပင်လယ်ကနေ တရုတ်ပြည်ယူနန်ကို သွယ်တန်းထားတဲ့ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းဆိုရင် နောက်နှစ်မှာပဲ လုပ်ငန်းတွေစနိုင်တော့မယ့် အခြေအနေဖြစ်နေပါပြီ။ တဖက်မှာ အမေရိကန် ပြည်ထောင်စုဘက်က ကြည့်ရင် လောလောဆယ်မှာ ပြည်တွင်းမှာ အထွက်ကြမ်းနေတဲ့ စွမ်းအင်တွေနဲ့တင် အဆင်ပြေလုံလောက်နေပါပြီ။ တခြားမြန်မာ့ပို့ကုန်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ လောင်စာနဲ့ သစ်တွေကို ကြည့်လိုက်ရင်လည်း အာရှဈေးကွက်ကို ကျော်ဖို့တောင် အကန့်အသတ်ရှိနေပါတယ်။

ဒါဖြင့်ရင် အမေရိကန်အတွက် ဘာတွေကျန်ဦးမလဲ၊ ရေတိုမှာတော့ အေးစက်နေတဲ့ ပင်လယ်စာလုပ်ငန်းက မြန်မာပြည်အတွက် အလားအလာကောင်းတွေရှိပါတယ်။ ဗီယက်နမ်နဲ့ ထိုင်းတို့ဆိုရင် ပင်လယ်စာထုတ်လုပ်မှုလုပ်ငန်းမှာ အလွန်အောင်မြင်နေပါတယ်။ ဒါကြောင့် မြန်မာပြည်အတွက် ဗီယက်နမ်နဲ့ ထိုင်းရဲ့လမ်းကြောင်းကို လိုက်မယ်ဆိုရင် လိုက်နိုင်ပါတယ်။

နောက်ထပ် အလားအလာရှိတဲ့ လုပ်ငန်းကတော့ အခုလောလောဆယ်မှာတင် ဂျပန်ဈေးကွက်မှာ ဈေးကွက်ကြီးကြီး ရထားပြီးသားဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းပါ။ တရုတ်ပြည်မှာ အထည်ချုပ်လုပ်ငန်း ထုတ်လုပ်မှုစရိတ်တွေ တက်လာတာကြောင့် ထုတ်လုပ်သူတွေဟာ ကမ္ဘောဒီယား၊ ဗီယက်နမ်နဲ့ လာအိုတို့ကို ပြောင်းရွှေ့သွားကြပါတယ်။ မြန်မာပြည်မှာ လုပ်သားအင်အားတွေ အလျှံပယ်ရှိနေသလိုပဲ အနည်းဆုံး လာအို၊ ကမ္ဘောဒီးယားတို့နဲ့ နှိုင်းယှဉ်လိုက်ရင် လုပ်အားခတွေလည်း နိမ့်နေပါသေးတယ်။ ဒါကြောင့် အမေရိကန်က ဝေါလ်မတ် (Walmart) တို့ ဂပ်စ် (Gap) တို့လို ကုန်တိုက်တွေထဲမှာ “Made in Myanmar” (မြန်မာပြည်မှာ လုပ်သည်) တံဆိပ်နဲ့ အ၀တ်အထည်တွေ အလျင်အမြန် ရောက်လာနိုင်ပါတယ်။

ရေရှည်မှာတော့ မြန်မာပြည်ဟာ ထိုင်းတို့ မလေးရှားတို့လိုပဲ အာရှရဲ့ ကုန်စည်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုကမ္ဘာထဲမှာ အစိတ်အပိုင်းတရပ်အနေနဲ့ ပါဝင်လာဖို့ရှိပါတယ်။ အခုတင်ပဲ ဂျပန်က ကင်မရာထုတ်လုပ်သူတွေအတွက် အသေးစားလုပ်ငန်းတွေကို လုပ်ကိုင်နေတာရှိသလို၊ နောက်ထပ် အလားအလာကောင်းတွေလည်း အသေအချာရှိနေပါတယ်။

တဖက်မှာလည်း မြန်မာပြည်အတွက် အခက်အခဲတွေက ရှိနေပါတယ်။ မြန်မာပြည်မှာ လျှပ်စစ်မီး မမှန်တာကြောင့် စက်ရုံတွေ လည်ပတ်ရေးမှာ အခက်အခဲရှိနေပါတယ်။ ဒုတိယကတော့ ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ်ခဲ့တာကြောင့် မြန်မာပြည်က အလုပ်သမား အင်အားစုတွေက အရည်အချင်းပိုင်းမှာ အားနည်းကြပါတယ်။

ဒါအပြင် မြန်မာပြည်ရဲ့ အခြေခံအဆောက်အဦ (infrastructure) ပိုင်းနဲ့ ပတ်သက်လို့လည်း မေးစရာ မေးခွန်းတွေ ရှိပါတယ်။ မြန်မာပြည်ရဲ့ ရထားလမ်းတွေ၊ ကားလမ်းတွေနဲ့ ဆိပ်ကမ်းတွေက အခြေအနေ အတော်ဆိုးပါတယ်။ လောလောဆယ် တောင်ပိုင်းထားဝယ်မှာ ဆိပ်ကမ်းသစ်ကြီးတွေ ဆောက်နေပေမယ့် အသုံးပြုနိုင်တဲ့ အခြေအနေ ရောက်ဖို့ကတော့ နှစ်နဲ့ချီပြီး အချိန်ယူရပါဦးမယ်။

ဒါကြောင့် အမေရိကန်က မြန်မာ့ပို့ကုန်တွေကို ဖွင့်ပေးလိုက်တာဟာ မြန်မာပြည်အတွက် စိတ်အား တက်ကြွစရာဆိုပေမယ့် လောလောဆယ်မှာ ကုန်သွယ်ရေးတွေ နေ့ချင်းညချင်း တိုးတက်သွားမယ့် အလားအလာတော့မရှိပါဘူး။ အာရှကျားတွေ တိုးတက်သွားတဲ့လမ်းကြောင်းအတိုင်း ပို့ကုန်ဦးစားပေး စီးပွားရေးပုံစံကို စဉ်းစားမယ်ဆိုရင် မြန်မာပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အမြောက်အမြားလိုအပ်နေပါတယ်။ ဒါတွေကို ဆောင်ရွက်နိုင်မယ်ဆိုရင်တော့  အကောင်းမြင်နိုင်စရာ အကြောင်းတွေလည်း အမြောက်အမြားရှိပါတယ်။ ဗီယက်နမ်ငါးဖမ်းသမားတွေနဲ့ ကမ္ဘောဒီးယားက အထည်ချုပ်အလုပ်သမတွေတော့ ရင်တမမနဲ့ စောင့်ကြည့်နေရမယ့် ပုံရှိပါတယ်။

(ရည်ညွန်း။ ။ What might the US buy from Myanmar?  by Josh Noble )

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013