Home
မြန်မာသတင်း
သားဖြစ်သူလွတ်မြောက်ရေး မိဘများတောင်းဆို
နော်နိုရင်း
·
September 28, 2012
ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး လားရှိုးရဲဘက်စခန်းမှာ အကျဉ်းကျနေတဲ့ ကိုရာဇာထွန်း ပြန်လည်လွတ်မြောက်ရေးအတွက် မိဘတွေက တောင်းဆိုနေကြပါတယ်။ ကိုရာဇာထွန်းဟာ ရှမ်းပြည်နယ် လားရှိုးမြို့မှာနေထိုင်ပြီး ၂၀၀၄ ခုနှစ်မှာ စစ်သားအဖြစ် စုဆောင်းခံခဲ့ရပါတယ်။ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသားဘ၀နဲ့ စုဆောင်းခံရပြီး ရွှေဘို စစ်သင်တန်း အမှတ် ၈ မှာ စစ်သင်တန်းဆင်းပြီးတဲ့နောက်  စစ်ပစ္စည်း ထောက်ပံ့ရေးတပ် အမှတ် ၅၄၅ မှာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ လူ့အခွင့်အရေးနဲ့ ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ HRDP အဖွဲ့ဝင် ဦးပါပါစိန်က “၂၀၀၄ မှာခေါ်သွားပြီး ၂၀၀၇ မှာ သူမနေနိုင်တော့ မိဘတွေရှိတဲ့ဆီပြန်လာတာ၊ အဲမှာ တပ်ထိန်းက ပြန်ဖမ်းသွားတော့ အရှေ့ပိုင်းစစ်ဌာနချုပ် စစ်ခုံရုံးက ထောင်ဒဏ် ၂ နှစ် ၆ လချလိုက်တာ။ ပြန်ခေါ်သွားတာ ၂၆ ရက် ဖေဖော်ဝါရီ ၂၀၁၂၊ ထောင်ချလိုက်တယ်။ အခု ရဲဘက်စခန်းမှာရောက်နေတယ်။ သံခြေကျင်းတွေခတ်ပြီးတော့ အလုပ်လုပ်နေရတယ်။ သူ့မိဘက ကျနော့်ဆီလာပြီးတော့ တိုင်ကြားပြီး ကူညီပေးပါတဲ့။ မနေနိုင်ဘူးဆိုတာ သူ့ကလေး ကိုယ်တိုင်ရေးထားတဲ့ စာလည်း ပါတယ်လေ။ ကလေးရဲ့စာကို အိုင်အယ်လ်အိုကိုလည်း ပို့ထားပါတယ်။” ကိုရာဇာထွန်းဟာ လက်ရှိမှာ အသက် ၂၄ နှစ်လောက်ရှိနေပေမယ့် သူ့ကို စစ်သားအဖြစ် စုဆောင်းချိန်က အသက်မပြည့်သေးတဲ့ အပြင် လက်ရှိ အကျဉ်းကျခံနေရတဲ့ အတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာလို့ ဆိုပါတယ်။ ဒီလဆန်းပိုင်းကလည်း ရန်ကုန်တိုင်း လှိုင်မြို့နယ် ဘုရင့်နောင်က အမှတ် ၁ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ တပ်မတော်ထဲက အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ၄၂ ယောက်ကို တပ်ကနေထွက်ခွင့်ပေးသလို နိုင်ငံသားစိစစ်ရေးကတ်တွေပါ ထုတ်ပေးပြီး မိဘအုပ်ထိန်းသူထံ အခမ်းအနားနဲ့ လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါပေမယ့် စုဆောင်းခံရချိန်က အသက်မပြည့်ဘဲ တပ်ထဲအရောက်မှာ အသက်ပြည့်သွားသူတွေ အတွက်က တပ်ထွက်ခွင့်မရှိတဲ့ အနေအထား ဖြစ်နေတယ်လို့ ဝေဖန်နေကြပါတယ်။ မြန်မာနိုင်ငံမှာ အသက်မပြည့်သေးတဲ့ကလေးတွေနဲ့ ကာယကံရှင်က ဆန္ဒမရှိရင် ဘယ်သူ့ကိုမှ စစ်တပ်တွင်း အတင်းအဓမ္မ မသွင်းရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024