ပညာရေးစရိတ် လျှော့ချမှု မကျေနပ်သဖြင့် စပိန်တွင် လူ ၃၀၀၀ ခန့် ဆန္ဒပြ

(ဓာတ်ပံု-ရိုက်တာ)
စပိန်နိုင်ငံ မက်ဒရစ်မြို့လယ်ခေါင် လမ်းမတွေပေါ်မှာ ကျောင်းဆရာ၊ ဆရာမတွေ နဲ့ ကျောင်းသူကျောင်းသား ၃၀၀၀ လောက်က အစိုးရရဲ့ ပညာရေး အသုံးစရိတ်တွေ ကို လျှော့ချဖြတ်တောက်လိုက်တာကို မကျေနပ်လို့ မနေ့က ချီတက်ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။ စပိန်အစိုးရက ၂၀၁၃ ခုနှစ်အတွက် အစိုးရဘတ်ဂျတ်အသုံးစာရိတ်ကို မနေ့က ကြေညာရာမှာ ပညာရေးဝန်ကြီးဌာနအပါအ၀င် အစိုးရဌာန အတော်များများရဲ့ အသုံးစရိတ်တွေ ဖြတ်တောက်ပစ်ခဲ့ တာပါ။ [caption id="attachment_31396" align="alignright" width="300" caption="(ဓာတ်ပုံ-ရိုက်တာ)"][/caption] အစိမ်းရောင်တီရှပ်တွေ ၀တ်ဆင်ထားတဲ့ ဆန္ဒပြသမားတွေက ‘ပညာရေးဟာ အသုံးစရိတ် မဟုတ်ပါဘူး၊ ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရကျောင်းတကျောင်းက ဆန္ဒပြ သမားတဦးဖြစ်တဲ့  မာရီယာ ပီနယ်လ်က “ပညာရေးမရှိရင် အနာဂတ်ရှိမှာ မဟုတ်တဲ့အကြောင်းနဲ့ လူနည်းစုလောက်သာ ပညာသင်ကြားနိုင်မှာဖြစ်ပြီး ကျန်သူတွေဟာ ဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ စပိန်အစိုးရက ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၇ ခုမှာ ပညာရေးကဏ္ဍကနေ ယူရိုငွေ ၃ ဘီလျံ လျှော့ချမှာဖြစ်ပါတယ်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအနေနဲ့  ပညာရေးအသုံးစရိတ် လျှော့ချတဲ့အနေနဲ့ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ ထံက ကျောင်းလခတွေ တိုးကောက်ဖို့၊ ဆရာတွေကို အလုပ်ချိန်တိုးဖို့ ကျောင်းစာသင်ခန်း အရွယ်အစား တိုးချဲ့တာတွေ လုပ်နိုင်တယ်လို့ ပြောပါတယ်။ တက္ကသိုလ်ကျောင်းသားတွေ အနေနဲ့ ကျောင်းစရိတ် ၁၅ ရာခိုင်နှုန်း ပေးနေရာကနေ ၂၅ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပါတယ်။ ကျောင်းသားမိဘများအသင်းကတော့ အစိုးရဟာ စီးပွားရေး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ လမ်းမှားကို ရွေးနေတာ ဖြစ်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ စပိန် အလုပ်သမားသမဂ္ဂတွေကတော့ ပြုပြင်ပြောင်းလဲမှုအသစ်တွေကြောင့် ကျောင်းဆရာ ၁ သိန်းလောက် အလုပ်ပြုတ်နိုင်တယ်လို့ ပြောပါတယ်။ စပိန်နိုင်ငံဟာ ၂၀၀၉ ခုနှစ်ကတည်းက စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အလုပ်လက်မဲ့နှုန်းဟာ ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ၂၄ ရာခိုင်နှုန်းထိ မြင့်တက်နေပါတယ်။ အစိုးရ အသုံးစရိတ် မကြေညာခင်ကတည်းက ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ရာမှာ အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသမားတွေအကြား ထိပ်တိုက်တွေ့ခဲ့ပြီး ရဲက ရာဘာကျည်ဆန်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up