ကျနော့်အတွက် အန်ဖီးလ်ကွင်းက အခက်ခဲဆုံးနဲ့ အဆိုးရွားဆုံးပါ – အာဂျန်ရော်ဘင်

လီဗာပူးလ်အသင်းရဲ့ အန်ဖီးလ်ကွင်းဟာ ယှဉ်ပြိုင်ရ အခက်ခဲဆုံးနဲ့ သူ့အတွက် အဆိုးရွားဆုံးကွင်း ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား အာဂျန်ရော်ဘင်က ပြောတယ်လို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ fourfourtwo သတင်းမှာ ဖော်ပြပါတယ်။ လီဗာပူးလ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆ အသင်းအဆင့် တွေ့ဆုံ ပွဲမတိုင်ခင် အခုလိုပြောဆိုလိုက်တာပါ။ ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ လီပါပူးလ်အသင်းရဲ့ အန်ဖီးလ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီကွင်းဟာ ရော်ဘင်အတွက်တော့ မကောင်းတဲ့ အတိတ်တွေရှိနေတဲ့ ကွင်းလည်းဖြစ်ပါတယ်။ ရော်ဘင်ဟာ ချဲလ်ဆီးအသင်းမှာကစားခဲ့စဉ်က လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာ နှစ်ကြိမ် ဆုံတွေ့ခဲ့ဖူးပြီး အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲတိုင်းမှာ ဆိုးရွားတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရသူပဲဖြစ်ပါတယ်။ “ခင်ဗျားက ကျနော့်ကို ယှဉ်ပြိုင်ရအခက်အခဲဆုံးနဲ့ အဆိုးရွားဆုံးကွင်းကို ရွေးပါဆိုရင် ကျနော်ကတော့ အန်ဖီးလ်ကွင်းကို ရွေးမိမှာပါပဲ” လို့ အသက် ၃၅ နှစ်အရွယ် နယ်သာလန်တိုက်စစ် ကစားသမားက ပြောပါတယ်။ ၂၀၀၄-၀၅ နဲ့ ၂၀၀၆-၀၇ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲတွေမှာ လီဗာပူးလ်အသင်းကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီးလည်း ရော်ဘင်က “အဲဒီအချိန်ုတုန်းက လီဗာပူးလ်အသင်းဟာ ပြိုင်ပွဲတွေမှာ ကြောက်စရာကောင်းတဲ့ အသင်းအဖြစ်ရှိနေခဲ့ပါတယ်။ တရာသီလုံးစာအတွက် မဟုတ်ရင်တောင် သူတို့ဟာ ကစားပွဲ တပွဲနှစ်ပွဲအတွက် အကောင်းဆုံး အဆင့်မှာရှိနေခဲ့ပြီး တကယ်လည်း ကောင်းခဲ့ပါတယ်။ အခုဆိုရင် သူတို့အသင်းဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ အခုဆိုရင်လည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ သူတို့က ထိပ်ဆုံးက ဦးဆောင်နေပါတယ်” လို့ ဆိုပါတယ်။ အာဂျန်ရော်ဘင်ဟာ အခုရာသီကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာတော့မယ့် ကစားသမားဖြစ်ပြီး သတင်းတွေအရ သူဟာ ဒဏ်ရာကြောင့် လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်နှစ်ပွဲလုံးကို လွဲချော်နိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up