Home
မြန်မာသတင်း
ရခိုင် ဒီရေတောဧရိယာ ထက်ဝက်ခန့် ပျက်စီး
DVB
·
February 16, 2019
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒီရေတောဧရိယာ ဧက ၄ သိန်းကျော်ထဲက တဝက်လောက်ဟာ ပျက်စီးသွားပြီလို့ ဒီရေတောစောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ လျှပ်စစ်မီးသုံးစွဲနိုင်မှု နည်းသေးတယ်ဆိုပေမယ့် ထင်းခုတ်ယူသုံးစွဲမှုတွေကြောင့် မျိုးတုံးပျက်စီးရခြင်း မဟုတ်ဘဲ ဒီရေတောတွေကို ခုတ်ထွင်ပြီး ပုစွန်ကန်တွေ ဆောက်လုပ်တာ၊ တာတမံဆည်ပြီးတော့ စပါးစိုက်ပျိုးတာ၊ ဆားကွင်းဖော်ထုတ်တာတွေကြောင့် ပျက်စီးရတာလို့ ရခိုင်ကမ်းရိုးတမ်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က ပြောပါတယ်။ ဒီရေတောတွေကို အဲဒီလို လုပ်ဆောင်လိုက်တာကြောင့် ဒီရေတောတွေအပြင် ဒီရေအတက်အကျကို မှီခိုပြီး အသက်ရှင်ကျက်စားကြတဲ့ ခုံး၊ ငါး၊ ပုစွန်၊ ဂဏန်း စတဲ့ ရေသယံဇာတတွေကအစ သစ်ပင်ပေါ်မှာနေထိုင်တဲ့ ကျေးငှက်တွေဟာလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဒီရေတောတွေ ပြန်လည်ရှင်သန်လာဖို့ အရေးပါဆုံးဟာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုဖြစ်ပြီး တောတွေ ဘာကြောင့်ပျက်စီးခဲ့တာပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ပြည်သူလူထုအနေနဲ့ အချိန်ယူပြီး ပြန်လည်စိုက်ပျိုးလိုက်ရင် ပြန်လည်ရှင်သန် လာမယ်လို့လည်း  အကြံပြုပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်း အစွန်ဆုံးမြို့နယ်တစ်ခုဖြစ်တဲ့ ဂွမြို့နယ်မှာတော့ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောအဖြစ် ကျေးရွာ ၄၂ ရွာ မှာ ဒီရေတောဧကပေါင်း ၇၀ ကျော်ကို ပြည်သူပိုင်သတ်မှတ်ကာ နှစ်သုံးဆယ် စီမံကိန်းနဲ့ လုပ်ဆောင်ခွင့်ပေးထားတယ်လို့ ရခိုင်ကမ်းရိုး တမ်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းက ဆိုပါတယ်။ လာမယ့် ၂၀၃၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့သစ်တောပြုန်းတီးမှု ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ဖို့အတွက် UN REDD Proogram နဲ့ သစ်တောဦးစီးဌာနတို့ပူပေါင်းပြီး တနင်္သာရီ တိုင်းဒေသကြီးမှာ ဒေသခံအစုအဖွဲ့ပိုင်သစ်တော (Community Forest) တွေကို လုပ်ဆောင် နေတယ်လို့ UN REDD Proogram တာဝန်ရှိသူတွေဆီက သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024