DVB Logo
Home
မြန်မာသတင်း
အမေရိကန်က မြန်မာ့ပို့ကုန်များပိတ်ပင်မှု ရုပ်သိမ်းတော့မည်ဟု ကတိပြု
DVB
·
September 27, 2012
အမေရိကန်က မြန်မာ့ပို့ကုန်များပိတ်ပင်မှု ရုပ်သိမ်းတော့မည်ဟု ကတိပြု
Donate to DVB

[caption id="attachment_31367" align="alignleft" width="275" caption="အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံစဉ်"][/caption]

အမေရိကန်ပြည်ထောင်စုက မြန်မာ့ပို့ကုန်တွေ တင်ပို့ခွင့်ပိတ်ဆို့ထားတာကို ဖြေလျော့ပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ ကတိပြု ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ၀ါရှင်တန်ဒီစီရောက်နေတဲ့ သမ္မတဦးသိန်းစိန်ကို သူတည်းခိုတဲ့ဟိုတယ်မှာ စက်တင်ဘာ ၂၆ ရက်နေ့က တွေ့ဆုံစဉ်မှာ ပြောဆိုတာဖြစ်ပါတယ်။

ဒီလိုရုပ်သိမ်းပေးတာဟာ ပြုပြင်ပြောင်းလဲရေး မြန်မြန်ဆန်ဆန် လုပ်ဆောင်တာကို အသိအမှတ်ပြုတာပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပြီး နောက်ထပ်လည်း နှစ်နိုင်ငံ အပြန်အလှန် ပုံမှန်ဆက်သွယ်ရေးလုပ်ဆောင်မှာပါလို့ ဆိုပါတယ်။

တားမြစ်မှုတွေ ဖြေလျော့ပေးဖို့ စလုပ်တော့မှာဖြစ်တဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေအနေနဲ့ ကုန်စည်တွေကို အမေရိကန်ဈေးကွက်မှာ ရောင်းချနိုင်မယ့် အခွင့်အလမ်းတွေရမှာပါလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန်တာဝန်ရှိသူတွေက ဆန်ရှင်ကို အကောင်းဆုံးနည်းနဲ့ ဘယ်လိုရုပ်သိမ်းမယ်ဆိုတာကို ဆန်းစစ်ပြီး ကွန်ဂရက်နဲ့ သမ္မတရဲ့အတည်ပြုချက်ကို ရယူကြရဦးမှာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားပေးတဲ့အတွက် မြန်မာပြည်သူတွေ အလွန် ၀မ်းမြောက်မှာဖြစ်တဲ့အကြောင်းနဲ့ ကျေးဇူးတင်ပါကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ မြန်မာ့တားမြစ်ကုန် ပိတ်ပင်မှု ရုပ်သိမ်းရေးနဲ့ပတ်သက်လို့ သမ္မတနဲ့အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးရာမှာပါတဲ့ ပြည်ထောင်စုနယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ခုလို ပြောပါတယ်။

“အဓိကအကျဆုံးကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီကလင်တန်နဲ့ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံက ပို့ကုန်တွေကို ကန့်သတ်ထားတာကနေ ကင်းလွတ်ခွင့်ပေးပြီဆိုတော့ မြန်မာနိုင်ငံမှာ အခြေစိုက်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ စီးပွားရေးလုပ်ငန်းတွေရဲ့ ရှင်သန်မှုတွေကို အားပေးမှာပေါ့။”

မြန်မာ့တင်ပို့ကုန်တွေ ပိတ်ပင်ချက်ကို ဖြေလျော့ပေးတဲ့ အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ချက်ကို အမေရိကန်က ဇူလိုင်လမှာ ရုပ်သိမ်းပြီးတဲ့နောက် ထပ်မံဖြစ်ထွန်းမှု ဖြစ်ပါတယ်။

အမေရိကန်ကွန်ဂရက်က မြန်မာစစ်ကောင်စီလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုတွေပေါ် အခြေပြုလို့ မြန်မာ့တင်ပို့ကုန်တားမြစ်ချက်ကို ၂၀၀၃ ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီး သစ်မာ၊ ကျောက်မျက်နဲ့ အထည်အလိပ်တင်ပို့မှုတွေအပေါ် သက်ရောက်စေခဲ့တာပါ။

သူတို့ ၂ ဦးဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် အပါအ၀င် နိုင်ငံရေး အကြောင်းအရာတွေနဲ့ မြေမြှုပ်မိုင်းကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ကလင်တန်က လုပ်စရာတွေ အများအပြားကျန်နေသေးတယ် ဆိုတာကို သတိပေးခဲ့သလို နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စကိုလည်း အထူးတလည် ဆွေးနွေးခဲ့ပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကိုလည်း ဆွေးနွေးကြပါတယ်။

မြန်မာအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကိုဖြတ်တောက်ဖို့ ကိစ္စကို မစ္စကလင်တန်က တောင်းဆိုခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ သမ္မတတာဝန် စတင်ရယူစဉ်ကစလို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးတာ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ခဲ့မှုတွေကြောင့် အသိအမှတ်ပြုခံရပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း သမ္မတဦးသိန်းစိန် နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို အထူးတလည် အရေးယူဖို့ သတ်မှတ်တဲ့ နိုင်ငံသားစာရင်းကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ တင်ပို့ကုန်တွေ ပိတ်ဆို့ကန့်သတ်ချက် ဖယ်ရှားမှုဟာ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းကတင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျော့သင့်ပြီဖြစ်တဲ့အကြောင်းနဲ့ မြန်မာတွေဟာ ကိုယ့်ကြမ္မာကို ကိုယ်ဘာသာဖန်တီးကြရတော့မယ်အချိန် ကျရောက်ပြီဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာ့တင်ပို့ကုန် တားမြစ်ပိတ်ပင်ချက်ကို ရုပ်သိမ်းရင် နိုင်ငံဝင်ငွေအများအပြားရစေတဲ့ အ၀တ်အထည်နဲ့ အထည်အလိပ်လုပ်ငန်း၊ ပင်လယ်စာ တင်ပို့မှုနဲ့ သစ်လုပ်ငန်းတွေ ပြန်လည်ခေါင်းမော့လာနိုင်ဖွယ် ရှိနေပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံရဲ့ အဓိက အထည်အလိပ်ဈေးကွက် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့တင်ပို့ကုန်တွေအပေါ် အခွန်အထူးသက်သာခွင့်ပြန်ပေးဖို့ ဥရောပကော်မရှင်က စတင်ကြိုးပမ်းခဲ့ပါတယ်။

ဒီဖြစ်ထွန်းမှုတွေအပေါ် အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမြင့်စိုးက ကြိုဆိုလိုက်ပါတယ်။

“ကောင်းပါတယ်။ အထည်ချုပ်ရော၊ ပင်လယ်အစားအစာရော။ သစ်တောင်မှ သူတို့လုပ်နိုင်ရင် ကောင်းတာပဲ။ အထည်ချုပ်ကတော့ ဈေးကွက်မှာ ကမ္ဘောဒီးယားလို ဖြစ်သွားရင် အဆင့်မီသွားတာပေါ့။ အဆင့်မီသွားရင် အလုပ်ပိုရနိုင်တာပေါ့။ အလုပ်ပိုရရင် လုပ်သားတွေ ပိုခန့်နိုင်တာပေါ့။ ”

ဒီလို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံရေးပါတီတွေက ကြိုဆိုပေမယ့်လည်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ပေါင်းစုဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အတွင်းရေးမှူး နိုင်ဟံသာက ပိတ်ဆို့မှုတွေ ဖြေလျော့တာကို မကန့်ကွက်လိုပေမယ့် အချိန်စောမနေဘူးလားလို့ မေးခွန်းထုတ်ထားပါတယ်။

“နိုင်ငံတော်ကို အေးချမ်းတည်ငြိမ်တိုးတက်အောင် ခြေလှမ်းလှမ်းနေတဲ့အပေါ်မှာ အားပေးတဲ့အနေနဲ့ ဖွင့်ပေးတယ်ဆိုရင် အဲလို ခြေလှမ်းလှမ်းတာဟာ အခုအနေအထားမှာ မရေရာသေးဘူး။ မသေချာသေးဘူး။ သဘောကတော့ တိုင်းရင်းသားဒေသတွေ မှာ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ တပြည်လုံးအပစ်အခတ်ရပ်စဲရေးလည်း မလုပ်သေးဘူး။ ထိုးစစ်ဆင်နေတဲ့ အနေအထားမျိုးမှာ ဒါတွေက ပြည့်ပြည့်၀၀ အကောင်အထည်မဖော်သေးဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013