DVB Logo
Home
မြန်မာသတင်း
ဘတ်ဂျက်သုံးငွေနှင့် ၀န်ကြီးဌာနအသုံးစရိတ် တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေး
DVB
·
September 27, 2012
Donate to DVB

ရန်ကုန်တိုင်းအစိုးရရဲ့ ဘတ်ဂျက်သုံးငွေနဲ့ ၀န်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေကို ဒီနေ့ ကျင်းပတဲ့ စတုတ္ထအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

“စည်ပင်သာယာရေးရဲ့ ဘဏ္ဍာရေးလျာထားချက် လွှတ်တော်ကို အသေးစိတ်ရှင်းတာပေါ့။ သစ်တောနဲ့စွမ်းအင်ဝန်ကြီးကလည်း ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေးလျာထားချက်တွေကို ရှင်းလင်းတယ်။ အဲလိုရှင်းလင်းတဲ့အခါမှာ ကျမတို့ကို ရှင်းလင်းချက် စာရင်းဇယားတွေ ကြိုတင်မပေးထားဘူးပေါ့။ ဒါကို ကျမတို့ကို ကြိုတင်ဖြန့်ဝေပေးထား မှသာ လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်ဌာနမှာ ဘယ်အသုံးစရိတ် ကများနေတယ်၊ လျှော့ဖို့ပေါ့။ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ကျမကတော့ သိချင်တယ်။ ဒါတွေကို ကြိုတင်ဖြန့်ဝေမပေးဘဲ ၀န်ကြီးကဖတ်ပြတဲ့အခါ ကျမတို့က အကုန်မမှတ်မိဘူးလေ။ ကျမတို့ကိုယ်စားလှယ်တွေ ဒီ အချက်အလက်တွေ ကို ကြိုရပြီး ကြိုတင်လေ့လာထားနိုင်ဖို့ အခွင့်အရေးရှိသင့်တာလေ။ ဒါကြောင့် လွှတ်တော်ဥက္ကဋ္ဌကို ကြားဖြတ်တင်ပြတာပါ။”

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ကျပ်ငွေသန်းပေါင်း ၈ သောင်း ၆ ထောင်ကျော် လိုငွေပြနေတာကို သိခဲ့ရပြီး နောက်ရက်တွေမှာ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

“ကျမတို့ရဲ့ ပြဿနာကတော့ ဘတ်ဂျက်ပြဿနာပေါ့။ လူကြီးတွေပြောပြောနေတာ ပိုက်ဆံမရှိဘူးဆိုတော့။ အဲ့ဘတ်ဂျက်ကလည်း လွှတ်တော် ကိုယ်စားလှယ် တချို့လည်း မေးခွန်းထုတ်ကြပါတယ်။ ဧရာဝတီတိုင်းဒေသကြီးလောက် မရှိလို့လား၊ မန္တလေးတိုင်းဒေသကြီးလောက် ဘတ်ဂျက်မရှိလို့လား ဆိုတာ မေးစရာဖြစ်ပါတယ်။”

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးကို ၄ ရက်ပဲ ကျင်းပမှာဖြစ်တဲ့အတွက် အချိန်တိုလွန်းတယ်လို့ ဒေါက်တာညိုညိုသင်း က ဝေဖန်ထောက်ပြ သွားပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်များအားလုံးကတော့ လွှတ်တော်ကို မကြာ မကြာကျင်းပစေချင်တယ်။ ကျင်းပတဲ့အခါ ၄ ရက်အစား အနည်းဆုံး ၁၀ ရက်လောက် ကျင်းပစေချင်တယ်။ သို့သော်လည်း လွှတ်တော်အပိုင်းနဲ့ အစိုးရအဖွဲ့ပိုင်းက မတက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အစိုးရအဖွဲ့ဘက်က ပြောတာက ပြည်ထောင်စုအစိုးရလိုမျိုး ၀န်ကြီးတွေက လွှတ်တော်ကျင်းပလည်း မလာလို့ရရင် ကိစ္စမရှိဘူး။ ဒါပေမယ့် တိုင်းဒေသကြီးမှာက အစိုးရအဖွဲ့ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်နေတော့ သူတို့က မဖြစ်မနေတက်ရတာကို။”

တိုင်းဒေသကြီးအတွင်း ပင်စင်လစာ မထုတ်ယူနိုင်သေးတဲ့ ကိစ္စကို ဖြေရှင်းရေး ၊  ပြည်သူ့ရင်ပြင်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ဆောက်ပေးရေး၊ ဧရာဝတီမြစ်ရေကို ရန်ကုန်မြို့နေ လူထု သောက်သုံးရေ ရရှိစေရေး စတဲ့ အဆို ၃ ခုကို နောက်ရက်တွေမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013