Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း လွှတ်တော်ကတိက၀တ် အောက်ခြေတွင် အကောင်အထည်မဖော်ဟုဆို
DVB
·
February 16, 2019
စစ်ကိုင်းတိုင်းလွှတ်တော်မှာ ဝန်ကြီးတွေ ကတိဖြစ် အာမခံပေးပေမယ့် အောက်ခြေမှာ လုံးဝအကောင်အထည် မဖော်သေးတာတွေ ရှိနေတာကြောင့် သတိပေးအရေးယူတာတွေ လုပ်ဖို့ လိုအပ်တယ်လို့ ကတိကဝတ်ကော်မတီအစီရင်ခံစာမှာ  ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရအာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ၂၀၁၈ ခုနှစ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့တဲ့ တနှစ်စာ အစီရင်ခံစာ တစောင်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၉ ရက်မြောက်နေ့မှာ တင်သွင်းခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကနေ ၁၆ ကြိမ်မြောက်ပုံမှန်အစည်းအဝေးထိ ကျင်းပခဲ့ပြီး အဲဒီထဲက ၁၂ ကြိမ်ကနေ ၁၄ ကြိမ်ထိ မေးခွန်းပေါင်း ၃၁၄ ခုမှာ ကတိကဝတ်ဖြစ်တဲ့မေးခွန်း ၁၈၉ ခုရှိခဲ့ပြီး ၁၅ ကြိမ်နှင့် ၁၆ ကြိမ်ကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးဌာန ၆ ခုမှာ လွှတ်တော်ကတိကဝတ်တွေနဲ့ ပတ်သက်လို့ အကောင်အထည်ဖော်မှုအနေနဲ့ လုံနယ်ဝန်ကြီးဌာနက ဆောင်ရွက်ပြီးစီးမှု ၄၅ ရာခိုင်နှုန်းနဲ့ အနည်းဆုံးဖြစ်ပြီး ဆောင်ရွက်ဆဲ ၃၀ ရာခိုင်နှုန်း၊ ဆောင်ရွက်ရန်ကျန် ၂၅ ရာခိုင်နှုန်းနဲ့ အများဆုံး ကျန်ရှိနေတာပါ။ စီမံဘဏ္ဍာဝန်ကြီးဌာနကတော့ ဆောင်ရွက်ပြီးတာ ၆၇ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဆဲ ၃၃ ရာခိုင်နှုန်းဖြစ်တာကြောင့် ဆောင်ရွက်ရန်မကျန်ရှိတော့ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကော်မတီရဲ့ အကြံပြုသုံးသပ်ချက်အရ ခရိုင်တွေကို ကွင်းဆင်းရာမှာ “တချို့ဌာနတွေက အကောင်အထည်ဖော်ဆောင်ရွက်တာလုံးဝမရှိခြင်း၊ ကွင်းဆင်းစစ်ဆေးတဲ့အချိန်မှသာ စတင်ဆောင်ရွက်ခြင်းတွေ တွေ့ရပြီး ဝန်ကြီးတွေရဲ့ အာမခံချက်တွေအပေါ် လိုက်နာအကောင်အထည်ဖော်မှုအားနည်းတာ၊ ဝန်ကြီးတွေအဖြေနှင့် မြေပြင်အခြေအနေလုံးဝ ကွဲပြားနေတာတွေ တွေ့ရပြီး တာဝန်ယူမှု၊ တာဝန်ခံမှု နည်းပါးတာ တွေ့ရတယ်လို့ ဆိုပါတယ်။ လိုက်နာမှုအားနည်းတဲ့ ဌာနတွေကို ကြပ်မတ်ဖို့ လိုနေပြီး သတိပေးတာ၊ အရေးယူတာတွေ လုပ်ဖို့ လိုနေတယ်”လို့ ကော်မတီတာဝန်ရှိသူက လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။ ဒါ့အပြင် ဝန်ကြီးတွေအနေနဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေရဲ့ ကတိကဝတ်ဖြစ်မေးခွန်းတွေကို အောက်ခြေဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်မှု အားကောင်းဖို့ လိုအပ်နေတဲ့အတွက် ကြားနာတာတွေ လုပ်သင့်တယ်လို့လည်း အကြံပြုတင်ပြခဲ့ပါတယ်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်းမှာ ပုံမှန်အစည်းအဝေး ၁၆ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၃ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ် စုစုပေါင်း အကြိမ် ၂၀ ထိ ကျင်းပထားပြီးဖြစ်ပါတယ်။ ကျင်းပပြီးခဲ့တဲ့ အစည်းအဝေးအကြိမ် ၂၀ အတွင်း မေးခွန်းပေါင်း ၁၄၂၈ ခု၊ အဆို ၁၈ ခုနှင့် ဥပဒေ ၆ ခုတို့ကို မေးမြန်းတင်သွင်း အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကိုလည်း ကျင်းပနေပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ ကျင်းပနေဆဲ ပုံမှန်အစည်းအဝေးအပါအဝင် ၇ ကြိမ်ကျင်းပသွားမှာဖြစ်ကာ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ရွေးကောက်ပွဲမတိုင်ခင်အထိ ပုံမှန်အစည်းအဝေး ၅ ကြိမ်ကျင်းပဖို့ လျာထားတယ်လို့လည်း လွှတ်တော်က ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024