DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ်လိုင်စင် အခွန်ဌာန၀န်ထမ်းများကြောင့် နှောင့်နှေး
DVB
·
September 27, 2012
ဆိုင်ကယ်လိုင်စင် အခွန်ဌာန၀န်ထမ်းများကြောင့် နှောင့်နှေး
Donate to DVB

အောက်တိုဘာ ၄ ရက် နောက်ဆုံးထားပြီး လုပ်ရမယ့် မော်တော်ဆိုင်ကယ် လိုင်စင်စီမံချက်မှာ အခွန်ဦးစီးဌာန ၀န်ထမ်းတွေကြောင့် နှောင့်နှေးကြန့်ကြာနေရတယ်လို့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက လိုင်စင်လုပ်သူတွေက ပြောကြပါတယ်။

ဇွန်လ ၅ ရက်နေ့ကစပြီး မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းခွင့်ရှိတဲ့ တိုင်းဒေသကြီး မြို့တွေ မှာ မော်တော်ဆိုင်ကယ် လိုင်စင်စီမံချက် ၂၀၁၂ ကို အောက်တိုဘာလ ၄ ရက်နေ့အထိ လုပ်ပေးမယ်လို့ ကြေညာထားတာပါ။

[caption id="attachment_31357" align="alignright" width="300" caption="ဧရာဝတီတိုင်း ဟင်္သတာမြို့တွင် လိုင်စင်လာလုပ်သည့် ဆိုင်ကယ်များ"][/caption]

မော်တော်ဆိုင်ကယ် လိုင်စင် စီမံချက်ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) နဲ့ အခွန်ဌာနတို့ ပူးတွဲလုပ်ဆောင်ပေးရာမှာ ကညနဘက်က ဆောင်ရွက်ပေးတာ မြန်ဆန်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ငွေသွင်းပြီး လိုင်စင်ထုတ်ရတဲ့အခွန်ဌာနမှာ ၀န်ထမ်းတွေက ပွဲစားတွေနဲ့ ပင်းပြီး ငွေပိုပေးလုပ်တဲ့သူတွေကို လိုင်စင်တွေ အရင်ရအောင် လုပ်ပေးနေတာကြောင့် ဆိုင်ကယ်လိုင်စင်ရအောင် ၃၊ ၄ ရက်လောက် စောင့်နေရတယ်လို့ ဧရာဝတီတိုင်း ဟင်္သာတသား ကိုကျော်စွာက ပြောပါတယ်။

“ကညနကနေ ဓာတ်ပုံရိုက်တာ၊ ခဲခြစ်တာ ဒါတွေကို ည ၉ နာရီလောက်ထိ လုပ်ပေးပေမယ့် ဘဏ်ကိုငွေသွင်းတဲ့အခါ ၀န်ထမ်းတွေဟာ စီနီယာအတိုင်း မလုပ်ဘဲနဲ့ ပွဲစားကနေ ၁ စီးကို ၁ သောင်းတောင်းပြီး လိုင်စင်ဝင်ပြီးသား အခွန်ကို ဦးအောင် သူက တရုတ်ဆိုင်ကယ်ဆို ၅ သောင်း ဒါမျိုးပေးရတော့ ကျန်တဲ့ ရိုးရိုးသားသား ချထားတဲ့လူတွေက နာမည်မပေါ်တော့ဘူး။ ပွဲစားနဲ့လုပ်တဲ့သူတွေက အရင်ရသွားတယ်။ ကျန်တဲ့လူတွေက မနက်မိုးလင်းကနေ ညမိုးချုပ်အထိ စောင့်နေရတာ မပါဘူး။ တခါတလေ ၃ ရက်လောက်ကြာတယ်။”

လိုင်စင်လျှောက်ထားသူတွေဟာ လိုင်စင်လုပ်ပေးမယ့်နေရာမှာ ည ၉ နာရီ လောက်ကတည်းက ညအိပ် နေရာဦးပြီး တန်းစီစောင့်နေတာတောင် ၀န်ထမ်းတွေက အစဉ်အတိုင်း လုပ်မပေးဘဲ ငွေပိုပေးထားတဲ့သူတွေကို ကြားဖြတ် ဦးစားပေးပြီး လုပ်ပေးနေတာတွေကြောင့် ရိုးရိုးသားသား တန်းစီ လုပ်ကိုင်နေသူတွေမှာ ပို နှောင့်နှေးကြန့်ကြာနေရတာလို့လည်း ဆိုပါတယ်။

အလားတူ ပဲခူးတိုင်းမှာလည်း ပွဲစားသဖွယ် လုပ်ကိုင်နေတဲ့ အခွန်ဌာန ၀န်ထမ်းတွေကြောင့် ဆိုင်ကယ်လိုင်စင်ရရေး နှောင့်နှေးကြန့်ကြာနေပြီး နယ်ကျော် လာရောက် လုပ်ကိုင်ရသူတွေ နေရေး စားရေးပါ ဒုက္ခရောက်နေကြရတယ်လို့ ပဲခူးဒေသခံ ကိုနိုင်ဝင်းက ပြောပါတယ်။

“အခွန်ဝန်ထမ်းတွေက ဆက်ဆံရေး အင်မတန်ရိုင်းပြတယ်။ ငွေသွင်းတဲ့အခါ ပိုက်ဆံကို ပိုတောင်းတယ်၊ ပိုရင်လည်း ပြန်မပေးဘူး။ လက်ဖက်ရည်ဖိုး ယူထားလိုက်မယ်ဆိုပြီးလေ။ တချို့ဆိုင်ကယ်ပိုင်ရှင်တွေဆို ငွေသွင်းပြီး ချလန်မရဘူး။ ချလန်မရတော့ စာရွက်စာတမ်းတွေ ပျောက်သွားတော့ နောက်တခေါက် ပြန်သွင်းရတယ်။ ဆိုင်ကယ် ၁ စီးကို ၂ ခါငွေသွင်းရတယ်။ အောက်တိုဘာ ၄ ရက်နေ့ နောက်ဆုံးထား လုပ်ရမှာဆိုတော့ အဲနေ့မပြီးမှာ စိုးရိမ်ရတယ်။ မရတဲ့ ဆိုင်ကယ်တွေက အများကြီးဖြစ်နေတယ်။ အရမ်းစိုးရိမ်ရတဲ့ အနေအထားရှိတယ်။”

သတ်မှတ်ထားတဲ့ အောက်တိုဘာ ၄ ရက်ကို ကျော်လွန်ပါက လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို ဖမ်းမယ်လို့ သတင်းတွေလည်း ထွက်နေတာကြောင့် လိုင်စင်မရလိုက်မှာကို စိုးရိမ်ပူပန်နေကြ တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013