Home
အနုပညာ
၂၀၁၈ တနှစ်တာ မြန်မာ့ဂီတပြေးလမ်းပေါ်က ရေပန်းအစားဆုံး တေးသံရှင် ၁၀ ဦး
မြတ်နိုးအောင်
·
February 15, 2019
ဂီတဆိုတာ လူကြီးလူငယ်မရွေး၊ လူသားတိုင်းရဲ့ စိတ်နှလုံးကို သိမ်းပိုက်နိုင်တဲ့ အ ရာတခုပါ။ ဒါကြောင့်မို့ ဂီတရေစီးဆိုတာ လူ့အဖွဲ့အစည်းအတွင်းက တန်ဖိုးထားစရာ၊ သတိပြုစရာတခု ဖြစ်လာနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနှစ်တာ ကုန်ဆုံးပြီး နှစ်သစ်ကို ရောက်လာခဲ့ချိန်မှာ မြန်မာ့ဂီတပြေး လမ်းပေါ်မှာ ဘာတွေ ထူးထူးခြားခြား ဖြစ်ခဲ့သလဲ။ ဂီတရေစီးကရော ပြောင်းလဲသွားခဲ့ သလား။ ဖန်တီးမှုအသစ်တွေ၊ လှုပ်ရှားမှုအသစ်တွေနဲ့ ပရိသတ်စိတ်ဝင်စားမှုနဲ့ ရေပန်းစားခဲ့တဲ့ ဂီတအနုပညာရှင်တွေက ဘယ်သူတွေများလဲ။ တနှစ်တာအတွင်း မြန်မာပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ဂီတအနုပညာရှင် (၁၀)ဦးအကြောင်း တစေ့တစောင်း ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင် စိုင်းစိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ကတော့ တနှစ်တာအတွင်း အနုပညာလှုပ်ရှားမှုတွေနဲ့အတူ ပရိသတ်ရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သူပါပဲ။ မြန်မာဆိုရှယ်မီဒီယာဖွံ့ဖြိုးရေးအဖွဲ့ (SMDM) က ထုတ်ပြန်တဲ့ သုတေသနထုတ် ပြန်ချက်မှာတော့ စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာနိုင်ငံရဲ့ ထင်ပေါ်ကျော်ကြား လူသိများတဲ့ အနုပညာရှင်တွေထဲမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပရိသတ်အများဆုံး  ၈ သန်းကျော် နဲ့ ထိပ်ဆုံးနေရာက ရပ်တည်နေတယ်လို့ ဆိုပါတယ်။ တနှစ်တာ ဂီတထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်တဲ့ စီးတီးအက်ဖ်အမ်ရဲ့ ဆုချီးမြှင့်ပွဲမှာလည်း သူက ၂၀၁၈ တနှစ်တာ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီးသီဆို သူ(အမျိုးသား) တေးသံရှင်ဆုကို Sai Sai Is Sai Sai အယ်လ်ဘမ်နဲ့ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲကို မော်ဒယ်လ်ဘ၀နဲ့ စတင်ဝင်ရောက်ခဲ့သူ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးထွက်ရှိခဲ့တဲ့  ချော ကလက်ရောင် ရေခဲအိပ်မက်တေးစီးရီးနဲ့ စတင်လူသိများလာခဲ့တာပါ။ အဲဒီနောက်မှာတော့ သူငယ်ချင်းများစွာ၊ ဖေဖော်ဝါရီမှတ်တမ်း၊ Sai Sai Live Show စိုင်းစိုင်းဟုခေါ်သည်၊ Happy Sai Sai Birthday ၊ အမြဲတမ်းဂေါ်လီ Ever Golli ၊ ဒိတ်ဒိတ်ကြဲ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေပေါင်း များစွာမှာလည်း သီဆိုအောင်မြင်ခဲ့သူပါ။ စက္ကုငှက်၊ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ စတဲ့ ကိုယ်တိုင်ရေးဝက္ထု တွေလည်း ထွက်ရှိခဲ့ဖူးတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အာဒံရယ်၊ ဧ၀ရယ်၊ ဒဿရယ်၊အေဒင်ရဲ့ ကချေသည်၊ ကြာတော့သည်လည်း မောင့်စကားစတဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေမှာ လည်း ပါဝင်သရုပ်ဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။ သူဟာ တခြားစီးပွားရေးတခုအနေနဲ့ နှုတ်ခမ်းနီမလေးတွေအကြိုက် Sai နှုတ်ခမ်း နီကိုလည်း ထုတ်လုပ်ခဲ့ကာ လက်ရှိအချိန်ထိ ပရိသတ်ရဲ့ အခိုင်အမာအားပေးမှုကို ဆယ်စုနှစ်နဲ့ချီ ရရှိထားခဲ့တာမို့ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။   အမွန်း နောက်ထပ်ရွေးချယ်ဖော်ပြပေးချင်တဲ့ အနုပညာရှင်ကတော့ ကချင်တိုင်းရင်းသူ အဆိုတော်မလေး အမွန်းဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက Me N Ma Girls ဆိုတဲ့ အမျိုးသမီးတေးဂီတအဖွဲ့ နဲ့အတူ စတင်ပြီး သတိထားမိခဲ့ကြမှာပါ။ အဲဒီအဖွဲ့ထဲမှာတော့ ထိုက်ထိုက်၊ ချာချာ၊ ကင်မီ၊ ဝေနှင်းတို့နဲ့အတူ အဖွဲ့ဝင် ၅ ယောက်နဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်ရင်းက တစတစ လူသိများလာခဲ့တာ ဖြစ်ပါတယ်။ တကိုယ်တော် တေးအယ်လ်ဘမ်တွေအနေနဲ့ မင်းပေးတဲ့အချစ်၊ Automatic၊ Very Dangerous စတဲ့ အယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့တဲ့ အမွန်းဟာ အုပ်စုလိုက် သီချင်းခွေတွေမှာရော ဂီတဖျော်ဖြေပွဲတွေမှာပါ သီဆိုအောင်မြင်နေသူ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း အမွန်းအတွက် ထူးခြားတဲ့ နှစ်တနှစ်လို့ ဆိုရမှာ ဖြစ် ပါတယ်။ သူဟာ ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ရွေးချယ်တဲ့ အာရှဒေသတွင်း အသက် ၃၀ အောက် ထင်ရှားသူ လူငယ် ၃၀ စာရင်းမှာ ပါဝင်ခဲ့တာပါ။ အားကစားနဲ့ ဖျော်ဖြေရေးဆိုင်ရာ နယ်ပယ်မှ ထင်ရှားတဲ့ လူငယ်တွေကို ရွေးချယ် ဖော်ပြခဲ့တာ ဖြစ်တယ်လို့ မဂ္ဂဇင်းရဲ့ ဝက်ဘ်ဆိုဒ် အင်တာနက်စာမျက်နှာမှာ ဖော်ပြပါ တယ်။ ဖို့ဘ်မဂ္ဂဇင်းမှာ အမွန်းရဲ့အကြောင်းကို ဖော်ပြထားရာမှာတော့ သူဟာ မြန်မာနိုင်ငံမှာ အာရုံစိုက်မှုအများဆုံး ရှိထားတဲ့ အနုပညာရှင်တွေထဲမှ တဦးဖြစ်ကာ ကချင်ပြည်နယ်မှ သီချင်းရေးသူ၊ အဆိုတော်တဦးအဖြစ် ဖော်ပြထားပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ Me N Ma Girls ရဲ့ အဖွဲ့ဝင်ဟောင်းတဦး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ နောက်ထပ်ထူးခြားတာတခုကတော့ သူ့ရဲ့ တဖက်ခြမ်းက သရုပ်ဆောင်အတတ် ပညာကို ပြသခွင့်ရရှိခဲ့တာပါ။ ဒါကတော့ ရုပ်ရှင်ပရိသတ်တွေကြား အားပေးမှုရရှိခဲ့တဲ့ ဒုဋ္ဌ၀တီကိုလွန်၍ ရုပ်ရှင်ကားထဲမှာ ခေါင်းဆောင်မင်းသမီးတယောက်အနေနဲ့ သရုပ် ဆောင်ခဲ့မှုပါပဲ။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ Blue Mark ရရှိထားခဲ့သူ အမွန်းရဲ့ အကောင့် မှာလည်း အားပေးသူ ပရိသတ်(Followers) ၂ ဒဿမ ၇ သန်းကျော် ရှိနေပြီး ထင်ရှားခဲ့ သူတဦးဖြစ်တာမို့ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။   လွှမ်းပိုင် လွှမ်းပိုင်လို့ ကြားလိုက်တာနဲ့ ပရိသတ်တွေက မြန်ဆန်လွန်းတဲ့ ရက်ပ်ရွတ်သံတွေနဲ့ သူ့သီချင်းတွေကို တွဲပြီး မြင်ယောင်မိကြမှာပါ။ သူကတော့ ကျောင်းသားဘ၀တည်းက သီချင်းတွေ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို လုပ်နေရင်းကနေ ဂီတလောကထဲကို ခြေချခဲ့ပြီး အောင်မြင်မှုရရှိလာခဲ့သူ ဖြစ်ပါတယ်။ ပရိသတ်တွေကြား သူ့ကို သတိထားမိစေခဲ့တဲ့ သီချင်းတပုဒ်ကတော့ အဆိုတော် ရဲလေးနဲ့အတူ ဖန်တီးသီဆိုခဲ့တဲ့ မနှုတ်ဆက်ချင်ဘူးဆိုတဲ့ သီချင်းပါ။ အဲဒီနောက်မှာတော့ ချစ်သူဖြစ်တဲ့ အဆိုတော် Bobby Soxer နဲ့အတူတွဲပြီး ထွက်ရှိခဲ့တဲ့ ဒုံးပျံတေးအယ်လ် ဘမ်ပါ။ အဲဒီတေးအယ်လ်ဘမ်ထဲက လွှမ်းပိုင်ရဲ့ ဘိုကေသီချင်းဟာ ပရိသတ်အားပေးမှု အများဆုံး သီချင်းတပုဒ် ဖြစ်ခဲ့တာပါ။ လွှမ်းပိုင်ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေ အနေနဲ့ ဂီတစာဆို လွှမ်းပိုင်၊ ဂီ တဗေဒစတဲ့ အယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီး ဂီတစာဆိုလွှမ်းပိုင်အယ်လ်ဘမ်က ရွှေ အက်ဖ်အမ်က ရွေးချယ်ချီးမြှင့်တဲ့ ၂၀၁၄ တနှစ်တာအရောင်းရဆုံးတေးအယ်လ်ဘမ်ဆု၊ ဂီတဗေဒအယ်လ်ဘမ်က စီးတီးအက်ဖ်အမ်က ရွေးချယ်တဲ့ ၂၀၁၇ ခုနှစ် တနှစ်တာ ရောင်းအားအကောင်းဆုံး အမျိုးသား တေးအယ်လ်ဘမ်ဆုတွေ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါ တယ်။ သူ့ရဲ့ သီချင်းအမ်တီဗွီတွေ အများစုမှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ လွှမ်းပိုင်ရဲ့ တဖက်စာမျက်နှာမှာတော့ သရုပ်ဆောင်မှု အနုပညာကို ပရိသတ်တွေက သိ ထားကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတော့ သူပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး ၃ ကား ထွက်ရှိခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ မင်းလူရဲ့ နာမည်ကြီးဝတ္ထုကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးခဲ့တဲ့ ကြွေ၊ လူငယ်ပရိသတ် တွေကြား အားပေးမှုတွေ ရရှိခဲ့တဲ့ ငါ့ကိုနမ်းတဲ့ မုန်တိုင်း၊ ကိုယ်စောင့်နတ်စတဲ့ ရုပ်ရှင် ကားတွေမှာ တေးရေး၊ တေးဆိုတယောက်သာ မဟုတ်တော့ပဲ ပီပြင်တဲ့ သရုပ်ဆောင်မှု တွေနဲ့ သတိပြုမိစေခဲ့တာမို့ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။   နီနီခင်ဇော် ဂီတအနုပညာသက်တမ်းမှာ ဆယ်စုနှစ်တစုကို အရှိန်အဟုန်နဲ့ ဖြတ်သန်းခဲ့ပြီး ရပ်တန့်မနေပဲ ကြိုးစားနေခဲ့တဲ့ အနုပညာရှင်တဦးကို ပြပါဆိုရင်တော့ နီနီခင်ဇော်ကို ပြရ မှာပါ။ ဆေးကျောင်းသူ အဆိုတော်ကောင်မလေး နီနီခင်ဇော်ဟာ ၂၀၀၈ ခုနှစ်၊ The Best Of Melody World သီချင်းဆိုပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ရောက်ရှိလာ ခဲ့ပြီး အဲဒီနှစ်မှာပဲ Winner ဆုကို ရရှိခဲ့ပါတယ်။ တဆက်တည်းမှာပဲ အဲဒီအယ်လ်ဘမ်ထဲက ရန်သူ၊ အဝေးရောက်နေပါသော် လည်း၊ ရပ်စတဲ့ သီချင်းတွေဟာ ပရိသတ်ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိခဲ့ပြီး အားပေးမှု ရရှိခဲ့ပါတယ်။ အဲဒီနောက်တော့ သူဟာ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော တကိုယ်တော် တေးအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ Mario(မာရီယို)၊ Red(အနီရောင်)၊ U(ယူ)စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၃ ချပ်ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။ အဆိုတော် ဆောင်းဦးလှိုင် ရေးစပ်ပြီး နီနီခင်ဇော် သီဆိုထားတဲ့ မျှော်လင့်ချက်တ စုံတရာ သီချင်းဟာ နိုင်ငံနဲ့အ၀ှမ်း လူသိများ ထင်ရှားခဲ့သလို ဂီတနယ်ပယ်မှာ ဆုတွေ အများကြီးချီးမြှင့်ခံခဲ့ရတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်း အားကစားပြိုင်ပွဲမှာတော့ အဖွင့်သီချင်းကို နီနီခင်ဇော်က သီဆိုခဲ့ရပြီး သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ ပြန်ဆုံမယ် သီချင်းတွေဟာလည်း သူ့ကို နာမည်ကြီးလူသိ များလာစေတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။ နီနီခင်ဇော်ဟာ Super Red အမည်နဲ့ နှုတ်ခမ်းနီနဲ့ အလှကုန်ထုတ်လုပ်မှုတွေကို လည်း တဖက်က လုပ်ဆောင်နေခဲ့သလို မနှစ်က ၂၀၁၈ ခုနှစ်မှာတော့ ဂီတသက်တမ်း အချိန် ၁၀ နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီး သူ့ရဲ့ ဒုတိယမြောက်တကိုယ်တော် ဂီတဖျော်ဖြေပွဲကို အောင်အောင်မြင်မြင်နဲ့ ပြုလုပ်နိုင်ခဲ့တာပါ။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာလည်း Blue Mark နဲ့ သူ့ရဲ့ အကောင့်ဟာ အား ပေးသူပရိသတ် သန်းချီရှိနေပြီး ထင်ရှားသူတဦးဖြစ်တာမို့ ရွေးချယ် ဖော်ပြပေးလိုက်ပါ တယ်။   ဖိုးပြည့် ဒီတခါ ရွေးချယ်ဖော်ပြပေးချင်တဲ့သူကတော့ တောင်ကြီးသား လူငယ်အဆိုတော် တဦးဖြစ်တဲ့ ဖိုးပြည့်ဖြစ်ပါတယ်။ ကိုယ်စောင့်နတ်ဆိုရင် ဖိုးပြည့်လို့ လူကြီးလူငယ်မရွေး တန်းသိသွားစေနိုင်တဲ့အထိ အောင်မြင်မှုရရှိခဲ့တဲ့ တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတပြေးလမ်းပေါ်ကို ရောက်ရှိလာခဲ့သူ တဦးဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ထဲမှာတော့ ဖိုးပြည့်ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေ အများစုပါဝင် ပြီး တခြားတေးရေးတွေဖြစ်ကြတဲ့ အောင်ကိုမြင့်၊ မီဂျူး၊ ဟန်စိုင်း၊ ရေ၀၊ သျှန်ဒီ၊ SNO၊ ထုံကြီး တို့က ရေးထားပေးတဲ့ သီချင်းတွေလည်း ပါဝင်ပါတယ်။ တကိုယ်တော်တေးအယ်လ်ဘမ် တချပ်တည်းနဲ့တင် အောင်မြင်ခဲ့သူ ဖိုးပြည့်ရဲ့ သီ ချင်းတွေကို ပြန်လည်သီဆိုမှုတွေလည်း ရှိနေခဲ့ကာ တချို့နာမည်ကြီး တေးသီချင်းဆိုပြိုင် ပွဲတွေမှာ အသိမပေးပဲ၊ အနုပညာကြေးမရရှိပဲ အသုံးပြုခဲ့မှုတွေအတွက် မူပိုင်ခွင့်နဲ့ ပတ် သက်တဲ့ ပြဿနာတချို့ကိုလည်း ၂၀၁၈ ခုနှစ်ထဲမှာ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ထူးခြားတဲ့ အသံ၊ ဟန်၊ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ကိုယ်တိုင်လည်း ရေး၊ ဆို တဲ့ ဖိုးပြည့်ဟာ စီးတီးအက်ဖ်အမ်က ရွေးချယ်ဆုချီးမြှင့်တဲ့ ၂၀၁၈ ခုနှစ်အတွင်း ရေပန်း အစားဆုံး မျက်နှာသစ်အဆိုရှင်ဆုကိုလည်း ရရှိထားခဲ့သူ ဖြစ်တာမို့ ရွေးချယ်ဖော်ပြပေး လိုက်ပါတယ်။   အိုင်ရင်းဇင်မာမြင့် ကြည်မြတဲ့ အသံချိုချိုအေးအေးလေးနဲ့ အချစ်၊ အလွမ်း၊ အဆွေးသီချင်းတွေနဲ့အတူ ပရိသတ်ကို ဆယ်စုနှစ်တခုတိုင် ဖမ်းစားထားနိုင်ခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်ကိုလည်း ၂၀၁၈ တနှစ်တာ ထင်ရှားတဲ့ အနုပညာရှင်စာရင်းမှာ ဖယ်ထုတ်ထားခဲ့လို့ မရပါဘူး။ သူဟာ လက်ရှိနာမည်ကြီး တေးသံရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ အဆို ပြိုင်ပွဲတခုဖြစ်တဲ့ ၂၀၀၈ ခုနှစ် The Best Of Melody World သီချင်းဆိုပြိုင်ပွဲကနေတ ဆင့် ဂီတပြေးလမ်းပေါ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော၊ အုပ်စုလိုက် သီချင်း အယ်လ်ဘမ်တွေမှာပါ သီဆိုရင်း တစ,တစ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး အောင်မြင်မှု တွေ ရရှိလာခဲ့ပါတယ်။ အိုင်ရင်းဇင်မာမြင့်ရဲ့ နှလုံးသား အရင်းအနှီး သီချင်းဟာဆိုရင် ၂၀၁၃ ခုနှစ်၊  ရွှေအက်ဖ်အမ်က ရွေးချယ်ချီးမြှင့်တဲ့ ပရိသတ်တောင်းဆိုမှု အများဆုံးသီချင်းဆုအဖြစ်  ရွေးချယ်ခံခဲ့ရပါတယ်။ မြန်မာသံ သီချင်းတွေရော၊ ခေတ်ပေါ်သီချင်းတွေပါ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့  အိုင်ရင်းဇင်မာမြင့်ဟာ လက်ရှိမှာတော့ တကိုယ်တော် တေးသီချင်းအယ်လ်ဘမ်တွေ ဖြစ်တဲ့ ယိမ်းလိုက်၊ ချစ်လို့၊ MAR စတဲ့ အယ်လ်ဘမ် ၃ ချပ်ထွက်ရှိခဲ့ပြီး အောင်မြင်မှု ရရှိနေသူ ဖြစ်ပါတယ်။ ချမ်းချမ်း၊ ဇမ်နူးတို့နဲ့ တွဲပြီး ထွက်ရှိခဲ့တဲ့ အချစ်ထက်မက၊ မြင့်မြတ်၊ ကောင်း ကောင်းတို့နဲ့ တွဲပြီး ထွက်ရှိခဲ့တဲ့ ဘ၀တကွေ့စတဲ့ အတွဲသီချင်းအယ်လ်ဘမ်တွေဟာ လည်း သူ့ရဲ့ မှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ နောက်ဆုံးထွက်ရှိခဲ့တဲ့ MAR တေးအယ်လ်ဘမ်နဲ့ တနှစ်တာအတွင်း ဂီတထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်တဲ့ စီးတီးအက်ဖ်အမ်ရဲ့ ဆုချီးမြှင့်ပွဲ မှာရောင်းအားအကောင်းဆုံးစတီရီယိုတေးစီးရီးသီဆိုသူ(အမျိုးသမီး)တေးသံရှင်ဆုကို ဆွတ်ခူးရှိခဲ့တာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ Blue Mark ရရှိထားတဲ့ အိုင်ရင်းဇင်မာမြင့်ဟာ ပရိ သတ်(Followers) ၆ သိန်းနီးပါးရှိနေပြီး ထင်ရှားသူတဦးဖြစ်တာမို့ ရွေးချယ်ဖော်ပြပေး လိုက်ပါတယ်။   သာဒီးလူ ကိုယ်ပိုင်သီချင်းစာသားအလန်းတွေနဲ့ လူငယ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ အဆိုတော် သာဒီးလူကတော့ ၂၀၁၈ ခုနှစ်ရဲ့ ရော့ခ်ဂီတကြယ်ပွင့်သစ်လို့ ဆိုရမှာပါ။ ခုနောက်ပိုင်းမှာ အတွေ့ရများ၊ ခေတ်စားနေတဲ့ ဟစ်ပ်ဟော့ပ်၊ အာရ်အဲန်ဘီ ဂီတ သံစဉ်တွေကြား တမူထူးခြားတဲ့ သံစဉ်၊ အသံပါဝါအားကောင်းကောင်းနဲ့ ထိုးဖောက်ဝင် ရောက်ခဲ့တဲ့ သူ့ရဲ့ အောင်မြင်မှုကတော့ မှတ်တိုင်တခုလို့ ပြောရမှာ ဖြစ်ပါတယ်။ သာဒီးလူရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ ပြည့်တန်ဆာဟာ လူကြီး၊ လူငယ်မရွေး ပရိသတ်တွေကြားမှာတော့ သတိပြုမိလောက်စရာ ဖြစ်နေခဲ့တာပါ။ သူ့သီချင်းတွေ လူကြိုက်များရတဲ့ အကြောင်းရင်းကတော့ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေကျဖြစ်တဲ့ အခြေအနေတွေ၊ ခံစားချက်တွေနဲ့ သီဖွဲ့ထားတာကြောင့်ဖြစ်ပါ တယ်။ လက်ရှိအချိန်ထိ သာဒီးလူဟာ ပြယုဂ်၊ ကျွန်တော်ရူးနေသည် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၂ ချပ်ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့  လိုသလိုသုံး၊ ရန်သူတော်ခြောက်ပါးစတဲ့ သီချင်းတွေဟာလည်း ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်နေပြီး ဟစ်ဟော့ပ်အဆိုတော် J-Me နဲ့ ထူးထူးခြားခြား တွဲဖက်သီ ဆိုထားတဲ့ ဂျူဒီသီချင်း ဟာလည်း လူကြိုက်များတဲ့ သီချင်းတပုဒ် ဖြစ်နေပါတယ်။ သာဒီးလူဟာ The Best Of Melody World သီချင်းဆိုပြိုင်ပွဲမှာလည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် ဆုမရရှိခဲ့ပါဘူး။ ဒါပေမယ့် သူဖြတ်သန်းလာခဲ့တဲ့ ဂီတခရီးလမ်းတ လျှောက် ခုလိုတကိုယ်တော်အယ်လ်ဘမ်တွေ ထွက်ရှိလာချိန်မှာတော့ ထွန်းတောက်လာတဲ့ ဂီတကြယ်ပွင့်အဖြစ် ပရိသတ်က အသိအမှတ်ပြုခံခဲ့ရပြီမို့ ရွေးချယ်ဖော်ပြပေးလိုက်ပါ တယ်။   အိမ့်ချစ် နောက်ထပ် ရွေးချယ်ဖော်ပြပေးမယ့်သူကတော့ အဆိုတော်ဖခင်ရဲ့ဂီတမျိုးဆက် အမွေကို ဆက်ခံခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ အောင်အောင်မြင်မြင်နဲ့ လျှောက်လှမ်းနေနိုင် ခဲ့သူ လူငယ်အမျိုးသမီးတေးသံရှင် အိမ့်ချစ်ဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်ဖြစ်တဲ့ ချစ်ကောင်းကတော့ ၁၉၈၀ ပြည့်လွန်ကာလတွေမှာ လျှမ်းလျှမ်း တောက် နာမည်ကြီးခဲ့တဲ့ အဆိုတော်တယောက် ဖြစ်ပါတယ်။ တေးရေး ၀င်းမင်းထွေးရဲ့  ကော်ဖီခါးခါးနဲ့ တရှိန်ထိုးအောင်မြင်မှုရရှိခဲ့တဲ့ ချစ်ကောင်းဟာ ဆယ်စုနှစ်ပေါင်းများစွာ ဂီ တလောကမှာ တေးသီချင်းပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့ပြီး ခုချိန်မှာတော့ သူ့ရဲ့ မျိုးဆက် တဦးဖြစ်တဲ့ အိမ့်ချစ်ကို ဂီတအမွေပေးနိုင်ခဲ့ပါပြီ။ အိမ့်ချစ်ဟာ ဖခင်ဖြစ်သူရဲ့ တကိုယ်တော် တေးဂီတဖျော်ဖြေပွဲတခုမှာ ရေစီး ကြောင်းသံယောဇဉ်ဆိုတဲ့ သီချင်းကို အတူသီဆိုပြီး ပရိသတ် သတိပြုမိခဲ့ရာမှ ဂီတလော ကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဖခင်ဖြစ်သူရဲ့ ကျော်ကြားခဲ့တဲ့ သီချင်းတွေကို ပြန်ဆိုတဲ့ သီ ချင်းအယ်လ်ဘမ်အပါအ၀င် ကိုယ်ပိုင်တေးသီချင်းအယ်လ်ဘမ် ၃ ခုကို ထုတ်ဝေနိုင်ခဲ့ပြီး တခြားအဆိုတော်တွေနဲ့ ပူးပေါင်းသီဆိုတဲ့ အုပ်စုလိုက်သီချင်းအယ်လ်ဘမ်တွေနဲ့ပါ  ပရိ သတ် အားပေးလက်ခံမှုကို ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ စူးစူးရှရှနဲ့ ပေါ့ပ်၊ အာရ်အဲန်ဘီသီချင်းတွေကိုပါ ပိုင်ပိုင်နိုင်နိုင်သီဆိုတတ်တဲ့ အိမ့် ချစ်ရဲ့  သီချင်းတွေဟာ လူငယ်ပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တာပါ။ ၂၀၁၈ ခုနှစ်မှာတော့ ဂီတသက်တမ်း ဆယ်စုနှစ်တခုကို ဖြတ်သန်းခဲ့ပြီးဖြစ်တဲ့ အိမ့်ချစ်ဟာ Beyond the Success-အောင်မြင်မှုနောက်ကွယ်လို့ အမည်ပေးထားခဲ့တဲ့ တကိုယ်တော် တေးဂီတဖော်ျဖြေပွဲတခုကို ပြုလုပ်ခဲ့ပြီး အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူ နိုင်ခဲ့သလို ပရိသတ်နှလုံးသားကိုလည်း ဖမ်းစားထားနိုင်ခဲ့ပါတယ်။ Emily By Eint Chit အမည်နဲ့ အ၀တ်အထည်တွေ ထုတ်ထားပြီး အောင်မြင်နေ တဲ့ အိမ့်ချစ်ဟာ အင်္ဂလိပ်လိုချည်းသီဆိုထားတဲ့ SLay အမည်ရတဲ့ တေးအယ်လ်ဘမ်ကို လည်း သူ့ရဲ့ လေးချပ်မြောက်အယ်လ်ဘမ်အဖြစ် ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ထုတ် လုပ်နိုင်ခဲ့တာမို့ ထူးချွန်ထင်ရှား အနုပညာရှင်စာရင်းမှာ ဖော်ပြပေးလိုက်ပါတယ်။   ဖြူဖြူကျော်သိန်း ဖြူဖြူကျော်သိန်းလို့ ကြားလိုက်တာနဲ့ သီချင်းတွေကို အသံပါဝါအားကောင်း ကောင်းနဲ့ သီဆိုတတ်တဲ့အပြင် တမူထူးခြားတဲ့ တင်ဆက်ပုံ၊ ဒီဇိုင်းဆန်းတွေနဲ့ စင်ပေါ် မှာ ဖျော်ဖြေလေ့ရှိသူလို့ ပရိသတ်တွေက သိထားကြမှာပါ။ ဆရာဝန် အဆိုတော်တဦးအဖြစ် ပရိသတ်တွေ သိကြတဲ့ ဖြူဖြူကျော်သိန်းဟာ နာ မည်ကြီး တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Iron Cross တေးဂီတအဖွဲ့ရဲ့ စင်တင်ပေးမှုနဲ့ လူသိ များလာခဲ့ကာ လုံးဝမသက်ဆိုင်တော့ပါအမည်ရတဲ့ သူ့ရဲ့ ပထမဆုံး သီချင်းအယ်လ် ဘမ်ကိုတော့ ၂၀၀၃ ခုနှစ်မှာ စတင်ဖြန့်ချိခဲ့တာပါ။ ဒီအယ်လ်ဘမ်ဟာ ပွဲဦးထွက်မှာတင် ပရိသတ်အားပေးမှုရရှိခဲ့ပြီး အောင်မြင်မှု ရရှိခဲ့ကာ သီချင်းအမ်တီဗွီ ထွက်ရှိလာချိန်မှာလည်း သူ့ရဲ့ ထူးခြားတဲ့ အသံ၊ ဟန်နဲ့ သရုပ် ဆောင်မှုတွေဟာ ပရိသတ်တွေကို ပုံစံတမျိုးနဲ့ ဖမ်းစားထားနိုင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ရော့ခ်အပြင်းစားသီချင်းတွေနဲ့အတူ အတွဲသီချင်းတွေရော၊ အုပ်စုလိုက်သီချင်းအယ်လ်ဘမ်တွေမှာပါ အောင်မြင်မှုရရှိခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ နှစ် တွေလို့ ဆိုရမယ့် ဆယ်စုနှစ်ကျော်ကာလတွေ ဖြတ်သန်းခဲ့ပြီးချိန်မှာတော့ တကိုယ်တော် တေးအယ်လ်ဘမ် ၆ ချပ်ကို ဖြန့်ချိထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တေးဂီတဖျော်ဖြေပွဲတွေမှာလည်း ပရိသတ်နဲ့ အပေးအယူမျှမျှ ဖျော်ဖြေလေ့ရှိတဲ့ ဖြူဖြူကျော်သိန်းဟာ တကိုယ်တော်ဖျော်ဖြေပွဲကိုလည်း မှတ်တိုင်တခုအနေနဲ့ ဖျော်ဖြေပြီး ဖြစ်သလို မြန်မာနိုင်ငံမှာ လာရောက်ဖော်ျဖြေခဲ့တဲ့ နာမည်ကြီးတေးသံရှင် ဂျေဆင်မ ရက်ဇ်၊ မိုက်ကယ်လန်းစ်တို့နဲ့အတူ သီဆိုဖျော်ဖြေခဲ့တာတွေကလည်း သူ့အတွက်တော့ ဂီတမှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဟာလည်း အရှိန်အဟုန်နဲ့ ဂီတပြေးလမ်းပေါ်မှာ ဖြတ်သန်း နေဆဲဖြစ်တဲ့ ဖြူဖြူကျော်သိန်းကို ပရိသတ်တွေက သတိပြုမိစရာ လှုပ်ရှားမှုတွေနဲ့ အ သက်ဝင်နေခဲ့ပါတယ်။ အမေရိကန်အဆိုတော် လန်စီဖာ(ဖ်)နဲ့ တွဲဖက်သီဆိုတဲ့ “Miracle အံ့သြဖွယ်” ၊  “ပေါင်းကူး Bridges” စတဲ့ သီချင်းတွေဟာ ပုံစံတမျိုးနဲ့ ထွက်လာခဲ့သလို သူတို့ ၂ ယောက်တွဲ သီဆိုထားကြတဲ့ “မုန်တိုင်း Storm” သီချင်းအယ်လ်ဘမ်ဟာလည်း ပရိ သတ်ရင်ထဲကို ရောက်ရှိခဲ့တာမို့ တနှစ်တာထူးခြားထင်ရှား အနုပညာရှင်အဖြစ် ဖော်ပြ ပေးလိုက်ပါတယ်။ ဖြိုးပြည့်စုံ မျှော်နိုင်သမျှတော့ မျှော်ဦးနော်ဆိုတဲ့ ပေါ့ပ်သီချင်းအေးအေးလေးနဲ့ ပရိသတ်ကို ဖမ်းစားထားနိုင်သူကတော့ လူငယ်အဆိုတော် တယောက်ဖြစ်တဲ့ ဖြိုးပြည့်စုံ ဖြစ်ပါတယ်။ သူဟာလည်း မြန်မာပြည်ရဲ့ အောင်မြင်တဲ့ အဆိုတော်တွေ မွေးထုတ်ပေးရာ သီ ချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Best Of Melody World သီချင်းဆိုပြိုင်ပွဲစင်မြင့်ကနေ ဂီ တလောကထဲ ရောက်ရှိလာခဲ့သူပါ။ The Best Of Melody World သီချင်းဆိုပြိုင်ပွဲကို ၂၀၀၇ ခုနှစ်ကတည်းက စတင် ကျင်းပခဲ့တာဖြစ်ပြီး ဒိုင်တွေအဖြစ် ကွယ်လွန်သွားပြီးဖြစ်တဲ့ နာမည်ကြီးတေးရေးဆရာ ကေအေတီအပါအ၀င် တေးရေး မြင့်မိုးအောင်၊ ရယ်ဂျီ၊ တေးသံရှင် နွဲ့ယဉ်ဝင်းတို့က အကဲဖြတ်ဒိုင်တွေအနေနဲ့ ပါဝင်ကြတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေ ရွက်ပုန်းသီး ဂီတအနုပညာရှင်တွေကို ရွေးချယ်မွေးထုတ်ပေးနိုင်ခဲ့ပြီး ထက်နေကြည်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်း၊ ဂျူဝယ်လ် စတဲ့ နာမည်ကြီး တေးသံရှင်တွေ အများအပြား ထွက်ရှိလာခဲ့ပါတယ်။ ဖြိုးပြည့်စုံကတော့ ၂၀၁၀ ပြည့်နှစ် The Best Of Melody World ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့ပြီး တစ,တစ ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အွန်လိုင်းပေါ်ကနေတဆင့် သိမ်းထားတဲ့ အချစ်၊ လရိပ်၊ မျှော်နိုင်သမျှ စတဲ့ သီချင်းလေးတွေကို မျှဝေရင်း ပရိသတ်ကြား ရေပန်းစားခဲ့ပြီး တကိုယ်တော် သီချင်းအယ်လ်ဘမ်ကိုတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိနိုင်ခဲ့ပါတယ်။ အဲဒီအယ်လ်ဘမ်နဲ့တင် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဖြိုးပြည့်စုံဟာ အတွဲသီချင်း အယ်လ်ဘမ်တွေမှာရော၊ အုပ်စုလိုက် သီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုခဲ့ပြီး ရေပန်း စားခဲ့သူပါ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတော့ ဖြိုးပြည့်စုံရဲ့ သီချင်းတွေနဲ့ နှစ်လို့ ပြောရလောက် အောင် အဆိုတော် ဂျူဝယ်လ်နဲ့ သီဆိုခဲ့တဲ့ သီချင်းတွေ၊ တခြားအဆိုတော်တွေနဲ့ သီဆိုခဲ့ တဲ့ သီချင်းတွေဟာ ပျံ့လွင့်နေခဲ့ပါတယ်။ ဆရာဝန်အဆိုတော်တယောက်ဖြစ်တဲ့ ဖြိုးပြည့်စုံနဲ့ အဆိုတော် အောင်ထက်တို့ ၂ ယောက်တွဲသီဆိုထားတဲ့ ကြယ်အမည်ရတဲ့ သီချင်းအယ်လ်ဘမ်ကိုလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ထွက်လာခဲ့ပြီး ရေပန်းစားခဲ့တာမို့ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024