DVB Logo
Home
မြန်မာသတင်း
လာမည့်လွှတ်တော်တွင် ဘတ်ဂျက်နှင့်ရင်းနှီးမြှုပ်နှံမှုဥပဒေ အဓိကထား ဆွေးနွေးမည်
DVB
·
September 27, 2012
လာမည့်လွှတ်တော်တွင် ဘတ်ဂျက်နှင့်ရင်းနှီးမြှုပ်နှံမှုဥပဒေ အဓိကထား ဆွေးနွေးမည်
Donate to DVB

လာမယ့်အောက်တိုဘာ ၁၈ ရက် ပြန်လည်ကျင်းပမယ့် ပဉ္စမအကြိမ် လွှတ်တော် အစည်းအဝေးတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကိစ္စနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အတည်ပြုနိုင်ရေး ကိစ္စရပ်တွေ အဓိကထား ဆွေးနွေးသွားမယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“ဘတ်ဂျက်ကိစ္စတွေ ဆွေးနွေးစရာရှိမယ်။ ခုံရုံးကနုတ်ထွက်သွားတဲ့အတွက် ခုံရုံးအသစ် အဖွဲ့ဝင်သစ်တွေ ရွေးချယ်ခန့်ထားတာရှိမယ်။ နောက် မပြတ်မသားဖြစ်နေတဲ့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ။ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ။ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အဲဒါတွေကို ဆက်ပြီး ဆွေးနွေးဖို့၊ အတည်ပြုဖို့ ရှိမယ်။ နောက် နိုင်ငံခြားရင်းနှီမြှုပ်နှံမှုဥပဒေ၊ သမ္မတဆီကပြန်လာတဲ့ မှတ်ချက်ကို ဆွေးနွေးပြီးတော့ အတည်ပြုတာရှိမယ်။ ကျနော်မှန်းရသလောက် အဲသလောက်ပဲ။”

ပြီးခဲ့တဲ့ စတုတ္ထအကြိမ်လွှတ်တော်နဲ့ အခုပြန်ကျင်းပမယ့် လွှတ်တော်ကြားမှာ အချိန်ကာလအနေနဲ့ ရက် ၄၀ လောက်ပဲ ကွာခြားတာမို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာနယ်မြေက ပြည်သူတွေနဲ့ ထိတွေ့ခွင့်ရတဲ့အချိန် နည်းလွန်းတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

လွှတ်တော်အချိန်ဇယား သတ်မှတ်ပေးရင် ပိုကောင်းမယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

“လွှတ်တော်မှာ Calendar ပေါ့။ ဘယ်နေ့စမယ်၊ ဘယ်နေ့နားမယ် လွှတ်တော်တခု တခုကိုလည်း ကြိုပြီး အစီအစဉ် သိထားရရင် ပိုကောင်းတယ်။ မဟုတ်ရင် လွှတ်တော် သွားတက်တဲ့အခါ တခါ တခါ ကျနော်တို့ စိတ်မ၀င်စားတဲ့ ကိစ္စ၊ ဆွေးနွေးမှာ မေးခွန်းမေးတာတွေ ပါတယ်။ ဥပမာ ဖွံ့ဖြိုးရေးကိစ္စနဲ့ပတ်သက်ရင် ဒေသတခုက မူလတန်းကျောင်းတောင်းမယ် ၊ ဆေးပေးခန်းတောင်းမယ်၊ စာသင်ကျောင်းတောင်းမယ်ဆိုရင် ဘယ်လို ဘယ်လို လုပ်ရမယ်၊ လုပ်သင့်တယ်ဆိုတာ သိပြီ။ ဒါဆိုရင် အဲဒါတွေအတွက် လွှတ်တော်ထဲမှာ ထိုင်ပြီး အချိန်ကုန်ခံနေဖို့ မလိုဘူး။”

“ပြောချင်တာက Calendar ကိုသိထားရင် တချို့ရက်တွေမှာ ခွင့်ယူပြီး အရေးကြီးတဲ့ကိစ္စတွေကို ဖတ်မှတ်တာ၊ ရေးသားတာလုပ်လို့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီတွေ တွေ့တုန်းကလည်း ပြောဖူးတယ်။ ကျနော်တို့လည်း ယေဘုယျအားဖြင့် သဘောတူပါတယ်။ ဦးရွှေမန်းတို့အနေနဲ့လည်း နောက်ပိုင်း စနစ်တကျနဲ့ ဒါကို ပိုလုပ်နိုင်လာမယ်လို့ ထင်ပါတယ်။”

လာမယ့် ပဉ္စမအကြိမ် လွှတ်တော်အစည်းအဝေးတွေဟာ ၂ လကျော်၊ ၃ လလောက် ကြာနိုင်တယ်လို့ ဦးရဲထွန်းက ခန့်မှန်းပြောကြားပါတယ်။

ပြီးခဲ့တဲ့ စတုတ္ထအကြိမ်လွှတ်တော်တွေကို  စက်တင်ဘာ ၇ ရက်မှာ ရပ်နားခဲ့တာဖြစ်ပြီး အဲဒီလွှတ်တော်တွေမှာ ဥပဒေကြမ်း ၅ ခု အတည်ပြုနိုင်ခဲ့ပါတယ်။ ဒုတိယသမ္မတ ၁ ဦးနဲ့ အစိုးရအဖွဲ့ဝင် ၁၃ ဦး ခန့်အပ်နိုင်ခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကိစ္စရပ်လည်း အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013