ထိုင်းနိုင်ငံ လူသတ်မှုတွင် မြန်မာအလုပ်သမား ၂ ဦးပါ အသတ်ခံရ
နန်းမြနဒီ
·
September 27, 2012

ထိုင်းနိုင်ငံ အလယ်ပိုင်း ဖစ်ခ်ျပူရီခရိုင်ထဲမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ပျောက်ဆုံးသွားသူ ထိုင်းဇနီးမောင်နှံ ၂ ဦး ရဲ့ အလောင်းလို့ ယူဆရတဲ့ အရိုးစုတွေ တူးဖော်ရရှိခဲ့ပြီး အဲဒီ အလောင်းတွေကို မြှုပ်နှံဖို့ ခိုင်းစေခြင်းခံရတဲ့ မြန်မာအလုပ်သမား ၂ ဦးပါ နှုတ်ပိတ်တဲ့အနေနဲ့ အသတ်ခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဖစ်ခ်ျပူရီခရိုင် ထာ့ယန်းမြို့နယ် ကလတ်လူရွာထဲက ဆူဖတ်စပျစ်ခြံထဲမှာ အလုပ်ရှင် ဗိုလ်မှူးကြီး ဆူဖတ် လောဟပ်ဝပ်ထနက ထိုင်းလင်မယား ၂ ဦးကို သတ်ပြီး အလောင်းတွေကို မြန်မာအလုပ်သမား ၃ ဦးကို မြှုပ်နှံခိုင်းပုံနဲ့ မြေမြှုပ်ပေးသူ ၃ ဦးအနက် ၂ ဦးကိုလည်း ထပ်မံသတ်ဖြတ်ခဲ့တယ်လို့ ကျန်ရစ်တဲ့ မောင်ကုလားရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
[caption id="attachment_31346" align="alignleft" width="300" caption=" မြန်မာအလုပ်သမားမောင်ကုလားက အခင်းဖြစ်ရာနေရာကို လိုက်လံပြသစဉ်(ဓာတ်ပုံ- thairath)"]
[/caption]
မောင်ကုလားက ရဲထံမှာ အလုပ်ရှင်ရဲ့သတ်ဖြတ်မှုတွေကို ထွက်ဆိုပြီး အလောင်းမြှုပ်နှံတဲ့နေရာ ၊ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့နေရာတွေကို စက်တင်ဘာ ၂၆ ရက်နေ့က လိုက်လံပြသခဲ့ပါတယ်။
လူသတ်မှုနဲ့ သံသယရှိသူ ဗိုလ်မှူးကြီး ဆုဖတ်ဟာ သူ့စပျစ်ခြံမှာ တရားမ၀င် သေနတ်ပစ် လေ့ကျင့်ရေးကွင်းနဲ့ တရားမ၀င် အလုပ်သမားတွေပါ တွေ့ရှိတဲ့ အတွက် နောက်ထပ် အမှု ၂ မှုနဲ့ ထပ်ပြီး တရားစွဲခံရဖွယ် ရှိတယ်လို့ မြို့နယ်ရဲစခန်းမှူးကြီး က ပြောပါတယ်။
ဖစ်ခ်ျပူရီ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကတော့ သေဆုံးတဲ့ မြန်မာအလုပ်သမား ၂ ဦးဟာ တရားဝင်မှတ်ပုံမတင်ထားလို့ ဘယ်သူဘယ်ဝါဆိုတာ မပြောနိုင်ဘူးလို့ ဆိုပါတယ်။
သက်သေထွက်ဆိုသူ မောင်ကုလားကို ဒီဗွီဘီက ဆက်သွယ်ဖို့ကြိုးစားပေမယ့် ရဲက သူ့လုံခြုံရေးအတွက် ထိန်းသိမ်းထားလို့ မေးမြန်းခွင့် မရပါဘူး။
အသက် ၅၀ နှစ်အရွယ် စပျစ်ခြံပိုင်ရှင် ဗိုလ်မှူးကြီး ဆူဖတ်ဟာ ရဲဆေးရုံ ဆရာဝန်လုပ်သက် ၂၅ နှစ် ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်က ထိုင်းဇနီးမောင်နှံ ၂ ဦးနဲ့ အလုပ်သမား ၂ ဦးကို သတ်ဖြတ်အလောင်းဖျောက်ဖျက်မှုမှာ သံသယအရှိဆုံး လူအဖြစ် ဖစ်ချပူရီရဲစခန်းမှာ ထိန်းသိမ်းခံနေရပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့က သူ့ကို စစ်ဆေးခဲ့ရာမှာ လူသတ်မှုကိစ္စ မသိရကြောင်း၊ သူ့ခြံထဲမှာ တပါးသူက လာမြှုပ်ထားတာဖြစ်နိုင်ကြောင်း၊ မောင်ကုလား ပြောတာတွေ မဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ သူ့မိခင်ကို ပြုစုဖို့အတွက် သူ့ကို အာမခံပေးဖို့ တောင်းဆိုပေမယ့် ရဲက မပေးပါဘူး။
စပျစ်ခြံတွင်းက တူးဖော်ရရှိတဲ့ အရိုးစု အပိုင်းအစတွေ၊ ကျည်ဆန်ခွံတွေကို ဒီအန်အေနဲ့ သိပ္ပံနည်းကျ စစ်ဆေးပြီး လာမယ့် အောက်တိုဘာ ၆ ရက်နေ့မတိုင်ခင် အမှုမှန်ပေါ်အောင် ဖော်ထုတ်သွားမယ်လို့ ရဲဌာနနဲ့ တရားရုံး တာဝန်ရှိသူတွေ က ပြောထားကြောင်း ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။
Read more
