
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ၂ ရက်တာကျင်းပတဲ့ ရခိုင်ဒေသလူထု အစည်းအဝေးကြီးရဲ့ ဒုတိယနေ့ အစည်းအဝေးကြီးကနေ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအတိုင်း အတိအကျ အကောင်အထည်ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
တောင်းဆိုချက် ၁၈ ချက်၊ ကန့်ကွက်ချက် ၆ ချက်နဲ့ အကြံပြုချက် ၃ ချက်ကို အစည်းအဝေး ကနေ ဆွေးနွေးဆုံးဖြတ်ကြပါတယ်။
ဒီနေ့ အစိုးရထံ တင်ပြတောင်းဆိုချက် ၁၈ ချက်ထဲမှာ ရခိုင်ပြည်နယ် ပင်လယ်ပြင်နဲ့နယ်စပ်လုံခြုံရေး အခိုင်အမာ တည်ဆောက်ပေးဖို့နဲ့ နည်းပါးနေတဲ့ ရခိုင်လူဦးရေ ပြန်လည်ဖြည့်တင်းနိုင်ဖို့၊ စီးပွားရေးဇုန်တွေကို ရခိုင်တွေ ဦးဆောင် အကောင်အထည်ဖော်ရာမှာ နိုင်ငံတော်က ကူညီပေးဖို့၊ ရခိုင်ဒေသထွက် သယံဇာတတွေကို ဒေသခံတွေကို အပြည့်ခံစားခွင့်ပေးဖို့၊ မြန်မာနိုင်ငံ လူဦးရေဖောင်းပွမှုနှုန်းကို ထိန်းသိမ်းတဲ့ ဥပဒေပြဋ္ဌာန်းပေးဖို့၊ တိုင်းရင်းသားကျေးရွာတွေ မှာ ပြည်သူ့စစ်တွေဖွဲ့ပေးပြီး ခေတ်မီလက်နက်တွေ တပ်ဆပ်ပေးဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအတိုင်း အတိအကျ အကောင်အထည်ဖော်ပေးဖို့ စတဲ့အချက်တွေ ပါပါတယ်။
ကန့်ကွက်ချက်တွေအဖြစ် ရခိုင်-ဘင်္ဂါလီ အတူယှဉ်တွဲနေထိုင်ရေးကို ကန့်ကွက်ချက်၊ မြန်မာနိုင်ငံရေးမှာ အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ရဲ့ ၀င်ရောက်စွက်ဖက်မှုကို ကန့်ကွက်ချက်၊ ရခိုင်ပြည်နယ်တွင်း အိုအိုင်စီရုံးစိုက်ခြင်းကို ကန့်ကွက်ချက်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေလို့ လေးမြို့ ရေအားလျှပ်စစ်စီမံကိန်းကို ကန့်ကွက်ချက်နဲ့ ရိုဟင်ဂျာ ဝေါဟာရကို ပြည်တွင်းပြည်ပမီဒီယာတွေက သုံးစွဲနေတဲ့အပေါ် ကန့်ကွက်ချက်တွေပါပါတယ်။










