
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတအောင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ ဆွေးနွေးကြပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးရဲ့ ဖိတ်ကြားချက်အရ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနဲ့ ဦးပြုံးချိုတို့ ၂ ဦး ဒီနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ သွားရောက်တွေ့ဆုံခဲ့ကြတာပါ။
[caption id="attachment_31314" align="alignright" width="300" caption="ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းဝေးခန်းမတွင် တွေ့ဆုံဆွေးနွေး"]
[/caption]
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဦးပြုံးချိုက “၂၀၁၅ ရွေးကောက်ပွဲမှာ ပိုပြီးလွတ်လပ်မျှတမှု ရှိအောင်ရယ်၊ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်အောင် ၊ နောက် အရင်ရွေးကောက်ပွဲက အားနည်းချက်တွေကို သင်ခန်းစာယူပြီးတော့ ဒိဘက်မှာ ပိုပြီး ကျယ်ပြန့်တဲ့ ကိုယ်စားပြုမှုတွေ ပါနိုင်အောင် ဘယ်လိုပြင်ဆင်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုလုပ်သင့်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပါတယ်” လို့ ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကနေ ထုတ်ဝေတဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အစီရင်ခံစာက ထောက်ပြတဲ့ အားနည်းချက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သင်ခန်းစာယူတာမျိုး ရှိတယ်လို့ ဦးပြုံးချိုက ပြောဆိုသွားပါတယ်။
“အဲဒီအစီရင်ခံစာကို သူတို့အားလုံး လေ့လာထားပြီးဖြစ်တယ်။ ဒီထဲမှာရှိတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး သူတို့အလေးထားတယ်ဆိုတဲ့အကြောင်း၊ တချို့ အားနည်းချက်တွေ ရှိတာကိုလည်း သူတို့အနေနဲ့ သင်ခန်းစာယူပြီး ပြင်ဆင်သွားမယ်၊ တချို့အချက်အလက်တွေနဲ့ပတ်သက်ပြီး သူတို့ ပြန်ပြီး ဆွေးနွေးတာတွေ ရှိတယ်။ အားနည်းချက်အားသာချက်တွေကို ပူးပေါင်းဆောင်ရွက်ခြင်း ပုံစံမျိုးနဲ့ ရှေ့ဆက်ကောင်းဖို့ တွဲလုပ်သွားဖို့ အတွက် ဆွေးနွေးဖြစ်ပါတယ်။”
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ဖို့ကိုတော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုဆွေးနွေးတာ မရှိဘူးလို့ ဆိုပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့အတူ ရန်ကုန်တိုင်းဒေသကြီး ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။










