DVB Logo
Home
မြန်မာသတင်း
မဟာချိုင်တွင် ရဲအယောင်ဆောင်ပြီး မြန်မာအလုပ်သမားများထံမှ ဖမ်းဆီးလုယက်
DVB
·
September 26, 2012
မဟာချိုင်တွင် ရဲအယောင်ဆောင်ပြီး မြန်မာအလုပ်သမားများထံမှ ဖမ်းဆီးလုယက်
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း မဟာချိုင်ဒေသမှာ ရဲယောင်ဆောင်ထားတဲ့ အမည်မသိ လူတစုက မြန်မာ အလုပ်သမားတွေကို  မကြာခဏ ဖမ်းဆီးလုယက်နေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေ သူတွေက ပြောပါတယ်။

ဒီလပိုင်းအတွင်းမှာ အလုပ်သမားတွေဆီကနေ မကြာခဏလုယက်နေပြီး စနေနေ့ညက လုယက်ခံရမှု အခြေအနေကို  မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလို ပြောပါတယ်။

[caption id="attachment_31308" align="alignleft" width="300" caption="မဟာချိုင်က ငါးအ၀ယ်ဒိုင်တခုတွင်တွေ့ရသည့် မြန်မာအလုပ်သမားတချို့"][/caption]

“၆ နာရီ မိနစ် ၃၀လောက်မှာ ချက်ပြုတ်စရာ သွားဝယ်ကြတာ၊ လမ်းလျှောက်သွားတော့ ဘုန်းကြီးကျောင်း ၁ ကျောင်းဖြတ်ရတယ်၊ အဲမှာ ၄ ယောက်စလုံး ကားပေါ်တင်ပြီး ကားကိုအလုံပိတ် နခွန်ပထုံ နယ်မြေကိုမောင်းပြေးတာ။ အဲရောက်တော့ ရွှေ၊ ငွေ၊ ရတနာတွေ တောင်းကြတာ။ ၁ ယောက်က ၁၇၅၀၊ ၁ ယောက်မှာက ၇၅၀၊ နောက် ၁ ယောက်က ၃၀၀၊ နောက်တယောက်ကဘာမှမရှိဘူး။ အမျိုးသမီး ၂ ဦးဝတ်ထားတဲ့ နားကတ် ၂ ရံကို ဖြုတ်ပေးလိုက်ရတယ်။ နောက် အမျိုးသမီး ၁ ဦးက လက်စွပ် ၁ ကွင်းဖြုတ်ပေးလိုက်ရတယ်။ ကလေးမလေး ၁ ဦးမှာ ATM ကတ်လေးတွေ့သွားတော့ နံပါတ်ကို အတင်းရိုက်နှိက်ပြီး မေးတယ်၊ ရိုက်တာ တအားနာတော့ နံပါတ်ပြောလိုက်တော့ ၁ သောင်း ၉ ထောာင့် ၈ ရာ ထုတ်ယူသွားတယ်။”

ထိုင်းရဲတံဆိပ်ပါ ဝေ့စ်ကုတ်အင်္ကျီဝတ်လူ ၃ ဦးက ဖမ်းဆီး လုယက်ခဲ့တာဖြစ်ပြီး လုယက်ခံရသူ မြန်မာ ၄ ဦး မှာ ရာဘာဖိနပ်ချုပ်စက်ရုံက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုးကြိတ်ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကို ဆေးရုံမှာ ဆရာဝန်ဆေးစစ်ချက်ယူပြီး မနေ့က ဆမွတ်စခွန် ခရိုင် ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အမှုဆောင်တဦးဖြစ်သူ ဦးစိန်ဌေးကလည်း အလုပ်သမားတွေအနေနဲ့ ဒီဖြစ်ရပ်မျိုးကြုံရင်  ရဲစခန်းမှာ တိုင်ကြားကြဖို့ တိုက်တွန်း ပြောဆိုပါတယ်။

“ဖြစ်သွားတဲ့ ပြဿနာတွေကို ကာယကံရှင်တွေ ကိုယ်တိုင်က ရဲစခန်းမှာ အမှုဖွင့်တာမျိုးကို လိုလားတယ်။ ပြီးခဲ့တဲ့ ပြဿနာတွေမှာဆိုရင် အလုပ်သမားတွေက အမှုမဖွင့်ချင်ကြဘူး။ တရားဝင် ရဲမှတ်တမ်းမရှိတဲ့အခါ ရဲတွေကို ကျနော်တို့က လုံခြုံရေးယူပေးဖို့၊ ကင်းလှည့်တာမျိုးပြောတဲ့အခါ အခက်အခဲရှိတယ်။”

အလုပ်သမားတွေအနေနဲ့ အခုလိုအဖြစ်မျိုးနဲ့ မကြုံရအောင် အဖိုးတန် လက်ဝတ်လက်စားတွေ မဆင်ဖို့၊ လူပြတ်တဲ့နေရာ တယောက်တည်းမသွားဖို့၊ အုပ်စုလိုက်သွားလာနေထိုင်ဖို့နဲ့ သတိအမြဲရှိဖို့ လိုကြောင်း ဦးစိန်ဌေးက ပြောပါတယ်။

မဟာချိုင်မှာ အလားတူ လုယက်မှုတွေ မကြာခဏကြားရပေမယ့်  အလုပ်သမားတွေက အမှုရင်ဆိုင်ရမှာ၊ အလုပ်ပျက်ပြီး ၀င်ငွေထိခိုက်မှာတွေအပြင် ဘာသာစကား အခက်အခဲတွေကြောင့် မတိုင်ဖြစ်ဘဲ အခုဖြစ်ခဲ့တဲ့ကိစ္စလည်း အလုပ်သမားအဖွဲ့က စုံစမ်းပြီး တိုက်တွန်းခဲ့လို့ တိုင်းတန်းခဲ့တာဖြစ်ကြောင်း ဦးအောင်ကျော် က ပြောပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း မဟာချိုင်ဒေသမှာ မြန်မာအလုပ်သမား ၁ သိန်းကျော် အလုပ် လုပ်ကိုင်နေတယ်လို့ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013