ပဲ့ထိန်းဒုံးကျည်အစီအစဉ်ဖြင့် စစ်အင်အား တိုးချဲ့မည်ဟု အီရန်သမ္မတပြော

အီရန်နိုင်ငံဟာ ပဲ့ထိန်းဒုံးကျည် အစီအစဉ်နဲ့ စစ်အင်အားကို ဆက်ပြီးတို့ချဲ့သွားမယ်လို့ အီရန် သမ္မတ ဟတ်ဆန် ရောင်ဟာနီက ပြောလိုက်ပါတယ်။ အီရန်ရဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို ထိန်းချုပ်ကန့်သတ်ဖို့ ရန်လိုတဲ့နိုင်ငံတွေဆီက ဖိအားတွေ ရှိနေပေမယ့် အီရန်နိုင်ငံဟာ ပဲ့ထိန်းဒုံးကျည် အစီအစဉ်နဲ့ စစ်အင်အားကို ဆက်ပြီးတို့ချဲ့သွားမယ်လို့ အီရန်သမ္မတက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောလိုက်တာပါ။ အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေး နှစ် ၄၀ ပြည့် အခမ်းအနားမှာ ထောင်သောင်းချီတဲ့ လူတွေကို ပြောတဲ့ မိန့်ခွန်းအတွင်း ရောင်ဟာနီက ခုလို ပြောလိုက်တာဖြစ်ပြီး အစိုးရ ရုပ်သံကလည်း ထုတ်လွှင့်ခဲ့ပါတယ်။ အီရန်ဟာ အမေရိကန်ရဲ့ ဒဏ်ခတ်မှုကိုလည်း အနိုင်ယူမယ်လို့ သူက ကတိပြုပါတယ်။ “ဒီကနေ့မှာ ကျနော်တို့ လိုအပ်တဲ့ ကာကွယ်ရေး ပစ္စည်းတွေရဲ့ ၈၅ ရာခိုင်နှုန်းကို ပြည်တွင်းမှာ ကျနော်တို့ရဲ့ အားကိုးရပြီး သတ္တိရှိတဲ့ ကာကွယ်ရေး ကဏ္ဍကနေ ထုတ်လုပ်တယ်။ ကျနော်တို့ရဲ့ ဒုံးကျည်စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်သူ့ဆီကမှ ခွင့်ပြုချက် မတောင်းခဲ့သလို တောင်းမှာလည်း မဟုတ်ဘူး။ မြေပြင်ကနေ မြေပြင်ပစ်၊ မြေပြင်ကနေ ဝေဟင်ပစ်၊ ဝေဟင်ကနေ ဝေဟင်ပစ်၊ မြေပြင်ကနေ ပင်လယ်ကို ပစ်ခတ်နိုင်တဲ့ ကျယ်ပြန့်တဲ့ ဒုံးကျည်ပုံစံ အမျိုးမျိုးကို တည်ဆောက်မယ်၊ ကျနော်တို့ ရွေးထားတဲ့ လမ်းအတိုင်း ဆက်သွားမယ်၊ စစ်ရေးသြဇာကို ဆက်ဖွံ့ဖြိုးအောင် လုပ်မယ်။ ပြည်သူတွေဟာ အနာဂတ်မှာ အခက်အခဲတွေကို ရင်ဆိုင်ရမယ်။ လက်ရှိမှာလည်း နေ့စဉ်ဘဝမှာ အခက်အခဲတွေကို ရင်ဆိုင်နေရတယ်။ ဒါပေမယ့် တယောက်ကို တယောက် ကူညီရင်း အခက်အခဲအားလုံးကို ကျနော်တို့နောက်မှာ ချန်ထားခဲ့ကြမယ်” လို့ ရောင်ဟာနီက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်ကြား သဘောတူထားတဲ့ နျူကလီးယား သဘောတူညီချက်ကနေ မနှစ်က နုတ်ထွက်ခဲ့အပြီး အီရန်အပေါ် ဒဏ်ခတ်မှု ပြန်ကျင့်သုံးခဲ့ပါတယ်။ အမေရိကန်ရဲ့ လုပ်ရပ်ဟာ စီးပွားရေး စစ်ပွဲဆင်နွှဲတာပဲလို့ အီရန် အရာရှိတွေက အဲဒီအချိန်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up