Home
မြန်မာသတင်း
ဖွဲ့စည်းပုံ ပြင်ဆင်ရေးဥပဒေကြမ်း ကြံ့ခိုင်ရေးပါတီတင်သွင်းမည်
နေဖြိုးဝင်း
·
February 11, 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီကအနေနဲ့ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော်မှာ တင်သွင်းဖို့ စီစဉ်နေပါတယ်။ ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနဲ့ အညီ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ လက်မှတ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို တင်သွင်းသွားမှာလို့  ကြံ့ခိုင်ရေးပါတီ လွှတ်တော် အမတ် ဦးအောင်းအေးက ပြောပါတယ်။ လက်ရှိ အန်အယ်လ်ဒီ ပါတီက ဖွဲ့စည်းပုံပြင်ရေးအတွက် ကော်မတီဖွဲ့ဖို့ လုပ်ဆောင်တာဟာ ဥပဒေနဲ့မညီတဲ့အတွက် အခုလို လုပ်ဆောင်ဖို့ ကြိုးစားတာလို့ ဦးသောင်းအေးက ပြောပါတယ်။ “လက်ရှိလုပ်နေတဲ့အနေအထားက ပြင်ဆင်ဖို့ကော်မတီဖွဲ့နေတာဖြစ်တဲ့အတွက် ဒီဟာ ဥပဒေနဲ့ မကိုက်ညီဘူးလေ။ အဲတော့ ဥပဒေနဲ့အညီသွားနိုင်ဖို့အတွက် ဒီဥပဒေနဲ့ညီတဲ့ လမ်းကြောင်းကနေ သွားနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ လုပ်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်ရှိ ပြီးသား၊ ဥပဒေရှိပြီးသား၊ အမိန့်ရှိပြီးသား ဒီဥပဒေအမိန့်အတိုင်းသွား ပြခြင်းဟာ ကောင်းမွန်တဲ့ ဥပဒေကျင့်သုံးမှုကို ဖော်ဆောင်ပေးခြင်းပဲ။ ဒီအတွက် လိုအပ်ရင် လုပ်သွားရမှာပဲ။ အမြန်ဆုံး လုပ်သွားမှာပါ” ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ လက်မှတ်နဲ့ ပြင်ဆင်ရေးဥပဒေကြမ်း တင်သွင်းရမှာဖြစ်တဲ့ အတွက် ဘယ်ပါတီ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာလည်း ဆိုတာကိုတော့ ဦးသောင်းအေးက အခုလို ပြောပါတယ်။ “ဥပဒေနဲ့ မညီတာကို လုပ်ခြင်းအတွက် ရှက်တတ်တဲ့လူတွေ အားလုံးက ဥပဒေနဲ့အညီ လုပ်တဲ့လူနဲ့ လာပူးပေါင်းမှာပဲ။ ဒါပြောစရာအကြောင်းမရှိဘူး " ကြံ့ခိုင်ရေး ပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ရေးကို ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာကတည်းက ဆောင်ရွက်ခဲ့တာတွေ ရှိသလို ပြင်သင့် ပြင်ထိုက်တာတွေကို ပြင်ဖို့အတွက် ပြင်ဆင်ထားတာတွေလည်း ရှိတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်န၀ါရီ ၂၉ ရက်က ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီတရပ်ကို သင့်တော်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပေးဖို့ အရေးကြီးအဆိုတင်သွင်းခဲ့ပြီး ဒီအဆိုကို လွှတ်တော်က အတည်ပြုထားတဲ့အတွက် ပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဒီအဆိုကို တင်သွင်းစဉ်ကလည်း ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေကရော တပ်မတော်သား ကိုယ်စားလှယ်တွေကပါ အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024