DVB Logo
Home
မြန်မာသတင်း
ပဲခူးထောင်တွင် ထောင်မှူးက အကျဉ်းသားကို ရိုက်နှက်နှိပ်စက်
DVB
·
September 26, 2012
ပဲခူးထောင်တွင် ထောင်မှူးက အကျဉ်းသားကို ရိုက်နှက်နှိပ်စက်
Donate to DVB

ပဲခူးအကျဉ်းထောင်တွင်းမှာ ထောင်မှူးတဦးက အကျဉ်းသားတဦးကို  ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုကို မကျေနပ်တဲ့အတွက် အကျဉ်းသားမိသားစုက တိုင်ကြားခဲ့တဲ့အပေါ် ထောင် အာဏာပိုင်တွေက လက်ခံဖြေရှင်းပေးပါတယ်။

ပဲခူးအကျဉ်းထောင်မှူး ဦးကျော်စွာသင်းက အကျဉ်းထောင် ရေသန့်စက်ရုံမှာ တာဝန်ကျတဲ့ အသက် ၅၁ နှစ်အရွယ် ဦးလှမိုးကို ပါးရိုက်၊  လက်သီးနဲ့ ထိုးကြိတ်ခဲ့တဲ့အပေါ် အကျဉ်းသားရဲ့ ဇနီး ဒေါ်ခင်ကြည်ကြည်ချိုက တိုင်ကြားခဲ့တာပါ။

ဦးလှမိုးကိုရိုက်တဲ့ အကြောင်းရင်းကတော့ အမျိုးသမီးဆောင်ကို ပို့ရမယ့် ရေသန့်ဘူးကို တခြားဝန်ထမ်းတွေက ယူသွားတဲ့အပေါ် ဦးလှမိုး အပြစ်ဖြစ်တယ်ဆိုပြီး ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။

ဒီအခြေအနေတွေကို လိုက်ပါကူညီကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုဂျမား၊ အလွတ်သတင်းထောက် ကိုသူရအောင်တို့နဲ့အတူ ဒေါ်ကြည်ကြည်ချိုက ထောင်ပိုင် ဦးဝင်းတင်၊ ပဲခူးထောင်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း၊ ဦးစီးအရာရှိ ဦးသိန်းစိုးတို့ကို စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ဆုံတင်ပြခွင့်ရခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ညွှန်မှူးဦးနိုင်ဝင်းက နောက်နောင် ဒီလိုကိုယ်ထိလက်ရောက် ကျူးလွန်မှုမျိုး မဖြစ်စေရဘူးလို့ ကတိပေးခဲ့တယ်လို့ ကိုယ်တိုင်သွားတင်ပြခဲ့တဲ့ ဒေါ်ခင်ကြည်ကြည်ချိုက ပြောပါတယ်။

“မိန်းမဆောင်ကို ပို့မယ့် ရေသန့်ဘူးတွေက နောက်ကျနေတာ. အဲရေသန့်ဘူးတွေကို သူတို့ဝန်ထမ်းအချင်းချင်း အပြင်ကို ယူထွက်သွားတာတဲ့။ ဦးလှမိုးက ထောင်မှူးကို ရှင်းပြတယ်၊ လက်မခံဘဲ ရိုက်လိုက်တယ်တဲ့။ ကျမတို့ မနေ့က ထောင်ပိုင်ကြီး၊ ညွှန်မှူးတို့နဲ့ သွားဆွေးနွေးတယ်၊ သူတို့က ထပ်ပြီး ဒီလိုနှိပ်စက်မှုတွေ မဖြစ်အောင် သူတို့ တားဆီးပေးမယ်တဲ့ မဖြစ်စေရဘူးပေါ့။ ကျမက သတင်းတွေဘာတွေလုပ်လိုက်တော့ ကျမ အမျိုးသားကို ထပ်နှိပ်စက်ကြမလား မေးတော့ အဲလိုမဖြစ်စေရပါဘူးလို့တော့ ကတိပေးလိုက်တယ်။”

ထောင်မှူး ဦးကျော်စွာသင်းက ကိုယ်ထိလက်ရောက်ရိုက်နှက်တဲ့သတင်း အပြင်ကို ပေါက်ကြားလို့ ဆိုပြီး သူရိုက်နှက်ခဲ့တဲ့ ထောင်သား ဦးလှမိုးကို ခြိမ်းခြောက် မှုတွေ ပြုလုပ်ခဲ့ကြောင်း သိခဲ့ရတယ်လို့ အတူလိုက်ပါသွားတဲ့ ကိုသူရအောင်က ပြန်ပြောပြပါတယ်။

“မနေ့က ညွှန်ကြားရေးမှူးရယ်၊ ဦးစီးအရာရှိရယ်၊ ထောင်ပိုင်ကြီးရယ်နဲ့ ကျနော်တို့သုံးယောက် ဆွေးနွေးပွဲပြီးတော့ ကာယကံရှင်ရဲ့ အမျိုးသမီး ဒေါ်ခင်ကြည်ကြည်ချိုနဲ့ သူ့ယောက်ျားကို သီးခြားပေးတွေ့တယ်။ အဲလို ပေးတွေ့တဲ့အချိန်မှာ ညွှန်ကြားရေးမှူး ကိုယ်တိုင်က ဒီကိစ္စကို ထိရောက်အောင် အရေးယူပေးပါ့မယ်။ တရားခံကို ထပ်ပြီးတော့ ခြိမ်းခြောက်တာ၊ နှိပ်စက်တာ ထပ် မရှိစေရဘူး ဆိုပြီး ပြောနေတဲ့ကာလ အတွင်းမှာပဲ ယောက်ျားဖြစ်သူဟာ ထောင်မှူး ဦးကျော်စွာသင်းရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်။ ခင်ဗျားဒီသတင်းကို အပြင် ဘယ်လိုနည်းနဲ့ထုတ်တာလဲ ပြောဆိုပြီးတော့။ တဖက်မှာ ညွှန်ကြားရေးမှူးက တရားခံအတွက်ကို အာမခံပေးနေပေမယ့် နောက်ကွယ်ထောင်ထဲမှာ ဦးကျော်စွာသင်းက တရားခံကို ထပ်ပြီးတော့ ခြိမ်းခြောက်မှုတွေရှိနေတယ်ဆိုတာ သူ့ဇနီးထံက သိခဲ့ရတယ်။”

ထောင်ဒဏ်ကျခံ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေ၊ ထောင်ဝန်ထမ်းတွေက  ဥပဒေမဲ့ ရိုက်နှက်၊ ထိုးကြိတ်၊ နှိပ်စက်တာတွေ မပြုလုပ်ဖို့  လူ့အခွင့်အရေးပဋိညာဉ် စာချုပ်မှာ မြန်မာ အစိုးရက ၂၀၀၀ ပြည့်နှစ်က သဘောတူ လက်မှတ်ရေးထိုးထားပြီး သား ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013