Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စ လူထုဆန္ဒခံယူရန် ကရင်နီလူငယ်များတောင်းဆို
DVB
·
February 11, 2019
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဂန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ပြည်သူ့သဘောထားဆန္ဒမပါပဲ စိုက်ထူခဲ့တာကြောင့် ကရင်နီပြည်လူငယ်တွေ အနေနဲ့ ကန့်ကွက်ရတာဖြစ်တယ်လို့ ကရင်နီပြည်လူငယ်အင်အားစုက ပြောပါတယ်။ မနေ့က လွိုင်ကော်မြို့ရှိ ကရင်နီပြည်လူငယ်များ သမဂ္ဂရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုလိုက်ပါတယ်။ ကရင်နီပြည်လူငယ်အင်အားစုက ခူးရီးရယ်(ခ)ရီးဒူက “ဒီဗိုလ်ချုပ်ကြေးရုပ်ကိစ္စဟာ ပြည်သူလူထု သဘောထားကောက်ခံခြင်း မရှိသလို၊ မေးမြန်းခြင်း မရှိပါဘူး။ ပြီးတော့ ပြည်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းတာလည်း မရှိပါဘူး။ အဲ့ဒီ အတွက်ကြောင့် သူတို့ အခုဖော် ဆာင်နေတဲ့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဟာ ပြည်သူ့ရဲ့ သဘောထားဆန္ဒမပါတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ လူငယ်အနေနဲ့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ လက်ရှိလိုအပ်တာဟာ ဗိုလ်ချုပ်ရဲ့ ရုပ်တုမဟုတ်ဘဲ ဗိုလ်ချုပ်ပြောဆိုခဲ့တဲ့ တိုင်းရင်းသားတန်းတူရေးနဲ့ သူရဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်ဆန့်ကျင်မှုဖြစ်ပေါ်လာရတာဟာ ကယားပြည်နယ် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုနဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမောမော်တို့မှာ အဓိကတာဝန်ရှိတယ်လို့ ကရင်နီလူငယ်တွေက ပြောပါတယ်။ ကရင်နီပြည်လူငယ်အင်အားစုက ဦးဆောင်သူ ကိုဒီးဒီစစ်မုန်းက “ရုပ်တုကို လက်ရှိအများ ပြည်သူနေရာကနေ ဖယ်ရှားလိုက်ရင် အားလုံးအတွက်လည်း အကောင်းဆုံးပဲ အဆင်ပြေသွားမှာပါ။ အဲလိုမလုပ်နိုင်ရင်တော့ ကျနော်တို့ တောင်းဆိုထားတဲ့ အတိုင်း တပြည်နယ်လုံးမှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ဆန္ဒကို ကောက်ယူပါ။ ဆန္ဒခံယူပွဲလုပ်ပါ။ မဲပုံးထောင်ပါ။ လျှို့ဝှက်မဲစနစ်နဲ့ ဆုံးဖြတ်ပါ” လို့ပြောပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ကရင်နီလူငယ်တွေကို ဖမ်းဆီးတရားစွဲဆိုတာဟာ အစိုးရတရပ်အနေနဲ့ဖြေရှင်းရမယ့် နည်းလမ်းမဟုတ်တာကြောင့် တာဝန်ယူ၊ တာဝန်ခံမှုအပြည့်နဲ့ လာရောက်ညှိနှိုင်းပေးဖို့ လိုလားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ကယားပြည်နယ် လွိုင်ကော်မြို့ ဂန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်တုကို စိုက်ထူဖွင့်လှစ်ပြီးနောက်ပိုင်းမှာတော့ ကရင်နီပြည်လူငယ်အင်အားစုရဲ့ ကန့်ကွက်လှုပ်ရှားမှုတွေက ဆက်တိုက် ဖြစ်ပေါ်လာခဲ့တာပါ။ ခုလို ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်တဲ့အတွက်ကြောင့် ငြိမ်းစုစီ ပုဒ်မ ၁၉၊ ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ ခ၊ ဂ တို့နဲ့ ကရင်နီလူငယ်ပေါင်း ၅၅ ဦးကို ပြည်နယ်အာဏာပိုင်တွေက အမှုဖြင့် အရေးယူထားပါတယ်။ သတင်းဓါတ်ပုံ- ခွန်းတူးတူးလေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024