
အခု လပိုင်းတွေအတွင်း နိုင်ငံရေး စိတ်ဝင်စားသူတွေ သတိပြုမိကြတဲ့ ပြဿနာ တခုကတော့ အန်အယ်လ်ဒီ ပါတီ အောက်ခြေက ပြဿနာတွေပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ)ဟာ နှစ်ပေါင်းများစွာ စစ်အစိုးရရဲ့ အပြင်းအထန် ဖိနှိပ်မှုအောက်မှာ နေခဲ့ရ ပါတယ်။ ဒီအတွက် ပါတီကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကျစ်ကျစ်လစ်လစ် မဖွဲ့စည်းနိုင်ခဲ့ပါဘူး။ အခုနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာပြီး နောက်မှသာ ပါတီကို အောက်ခြေကနေစ ဒီမိုကရေစီနည်းကျ စနစ်တကျ ပြန်လည် ဖွဲ့စည်းနိုင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ ဒီမှာတင် အောက်ခြေ အဖွဲ့အစည်းတွေမှာ ပြဿနာတွေပေါ်ပြီး ကိုယ့်ပါတီကိုယ် ဆန္ဒပြန်ပြကြတဲ့ အခြေအနေတွေအထိ ရောက်ခဲ့ပါတယ်။ ဒီ ပြဿနာ ဖြစ်ရတဲ့ အရင်းခံဟာ ဘာကြောင့်ပါလဲ။ အခြားသော နယ်ပယ် အသီးသီးမှာလည်း အလားတူ ပြဿနာမျိုး ဖြစ်ပေါ်နေတဲ့အတွက် ဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။
အန်အယ်လ်ဒီ ပါတီ အောက်ခြေမှာ ဖြစ်နေတဲ့ ပြဿနာ ကတော့ ရွေးကောက်ပွဲ ကော်မရှင် ကျင်းပရေး အဖွဲ့တွေ ဖွဲ့ပေးတာကနေ စပါတယ်။ တကယ်တော့ ဒီ ကော်မရှင် ဆိုတာဟာ ရွေးကောက်ပွဲ တခုကို ဒိုင်လူကြီးသဖွယ် လုပ်ပေးဖို့ အဖွဲ့တခုပါပဲ။ ကိုယ့်ပါတီတွင်းမှာ ပါတီဝင်တွေက ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်တွေ၊ အမှုဆောင်တွေ ပေါ်ထွက်လာရေးမှာ အဲဒီ ကော်မရှင်က ကြားကနေ ဆောင်ရွက်ပေးဖို့ပဲ ဖြစ်ပါ တယ်။ ဒီအတွက် အန်အယ်လ်ဒီ အောက်ခြေ အဖွဲ့အစည်းတွေက ကော်မရှင်အဖွဲ့ဝင်တွေထဲမှာ ဟိုလူတွေ မပါလို့ ဒီလူတွေ မပါလို့ဆိုပြီး အချင်းချင်း သဘောထား ကွဲလွဲပြီး ကိုယ့်ပါတီကို ကိုယ် လူစုလူဝေးနဲ့ ဆန္ဒပြန်ပြကြတာမျိုး ဖြစ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီ ဆန္ဒပြတာကို ဦးဆောင်ခဲ့တဲ့ လူတွေ၊ နောက်လိုက်အဖြစ် ပါဝင်ခဲ့တဲ့ လူတွေဟာ နိုင်ငံရေးပါတီ တစ်ခုမှာ ကိုယ်ဟာ ဘယ်နေရာကနေ ဘာတော့ လုပ်လို့ရတယ်၊ ဘာတော့ မလုပ်သင့်ဘူး စတဲ့ အနိမ့်ဆုံး အတိုင်းအဆ လေးတွေကိုတောင်မှ သိမထားသူတွေ ဖြစ်နေတာ တွေ့ကြရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် တို့ကလည်း ရှင်းလင်း တိကျတဲ့ သဘောထား ပေးပြီးပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကဆိုရင် လက်ရှိ အန်အယ်လ်ဒီ ပါတီ အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ ညီလာခံ ကျင်းပရေး ကော်မရှင်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားကြတာတွေ၊ တိုင်ကြ တောကြ တိုက်ခိုက်ကြတာတွေဟာ မဆန်းပေမယ့် နှစ်မြို့ဖွယ်ရာ မရှိကြောင်း ပြောပါတယ်။ ဒါတင်မက သူမဖခင် ဗိုလ်ချုပ်အောင်ဆန်း တစ်ချိန်က ပြောခဲ့ဖူးတဲ့ “ဗမာတွေ စိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားကောင်းနေတယ်၊ ဗမာပြည်ပြန်လည်ထူထောင်ရေးမှာ အသုံးမချတတ်ဘူး၊ ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။ ဒါမျိုးလုပ်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။” ဆိုတာကိုလည်း ကိုးကားသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ကို ဒီမိုကရေစီနည်းကျ အုတ်မြစ်ပေါ်မှာ အတင်ခံနိုင်ဖို့ ကြိုးစားရမယ့် အချိန်မှာ နေရာရရေးကို အလေးထားပြီး အုပ်စုဖွဲ့တာ၊ အချင်းချင်း ချတာတွေ လုပ်နေလို့ ဘယ်တော့မှ အကျိုးရှိမှာမဟုတ်ဘူး ဆိုပြီး ဒီလှိုင်း ဂျာနယ်မှာ ရေးသားခဲ့ပါတယ်။ တကယ်တော့ လက်ရှိ အန်အယ်လ်ဒီ ပါတီက ပါတီဝင် အသစ်တွေ စုဆောင်း၊ ပါတီကို စနစ်တကျ တည်ဆောက်ဖို့ ကြိုးစားနေရာမှာ စစ်အာဏာရှင် အဆက်ဆက်က နှစ်ပေါင်း ၅၀ လောက် ပညာရေး အပါအ၀င် အဘက်ဘက်က ဖျက်ဆီးခံထားရတဲ့ ပြည်သူတွေကို စည်းရုံးတည်ဆောက်ရတာ ဖြစ်လေတော့ အဲလောက် အရည်အချင်းရှိတဲ့ နိုင်ငံသား ဒါမှမဟုတ် ပြည်သူတွေကိုသာ စည်းရုံးရမယ့် အနေအထားပဲ ဖြစ်ပါတယ်။ ဒါတွေကြောင့်လည်း ပါတီဝင်တွေဟာ ဘယ်ဟာတွေကို ဘယ်လိုတင်ပြရမယ်၊ ဘာတွေကို ဘယ်လို ညှိနှိုင်းရမယ်၊ ကိုယ့်သဘောထားတွေကို ဘယ်လို တင်ပြရမယ် ဆိုတာမျိုး ကွဲကွဲပြားပြား မသိကြဘဲ ကိုယ့်ပါတီကို ကိုယ် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလိုဖြစ်ရပ်မျိုး မီဒီယာနယ်ပယ်မှာလည်း မလွတ်ကင်းခဲ့ပါဘူး။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဒေါ်လာ ၆ သန်း သတင်းဟာလည်း ဒီလို ပြဿနာတွေထဲက တခု ဖြစ်ပါတယ်။ နဂို စစ်အစိုးရ ခေတ်အဆက်ဆက်နဲ့ မနေ့တနေ့ကအထိ စာပေစိစစ်ရေး အဖွဲ့ဖွဲ့ပြီး သတင်းနဲ့ စာပေရေးသားဖော်ပြမှုတွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားရာကနေ ရုတ်တရက် ကိုယ့်ဖာသာကိုယ် တည်းဖြတ် ထုတ်ဝေခွင့်ပြုလိုက်တဲ့ အခြေအနေအောက်မှာ အခုလို ပြဿနာတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ စစ်အစိုးရ အဆက်ဆက်ရဲ့ ခေတ်ဆိုး စနစ်ဆိုး ပညာရေး အမွေဆိုးတွေကနေ မွေးထုတ်ပေးလိုက်တာရဲ့ အကျိုးဆက်အဖြစ် မီဒီယာသမားဖြစ်လာသူတွေဟာလည်း ဘယ်အပိုင်းကတော့ဖြင့် ကိုယ်မရေးသင့်ဘူး၊ ဘယ်အပိုင်းကိုတော့ ရေးရမယ်၊ ဘယ်လိုဟာတွေဆိုရင် တိကျအောင် ဘယ်လို လုပ်ရမယ် စသဖြင့် အတိုင်းအဆ မသိကြတဲ့ ပြဿနာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ပညာရေးဆိုင်ရာ ဟောပြောပွဲ တခု လုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ မြန်မာနိုင်ငံ ဘူမိ အသင်းက ဒေါက်တာဦးသိန်းက မြန်မာနိုင်ငံပညာရေးစနစ်ထဲမှာ အဆိုးဆုံးနဲ့ အနိမ့်ဆုံးကို ရောက်နေတဲ့ အဝေးသင်တက္ကသိုလ် ပညာရေးစနစ်ကို အမြန်ပြုပြင်ပြောင်းလဲဖို့ လိုပြီလို့ ပြောပါတယ်။ သူက ဆက်ပြီး မြန်မာနိုင်ငံက အထက်တန်းအဆင့်အောင် ကျောင်းသား ၇၅ ရာခိုင်နှုန်းဟာ ဒီ အဆင့်အတန်းမရှိတဲ့ အဝေးသင်တက္ကသိုလ် စနစ်နဲ့ ဘွဲ့ရကြတာတွေဖြစ်ပြီး နောက်ပိုင်း မူလတန်းပြဆရာ၊ အလယ်တန်းပြဆရာတွေလည်း ၀င်လုပ်နေကြတဲ့အတွက် ပညာရေးအတွက် အန္တရာယ်ရှိကြောင်း သူက ထောက်ပြပါတယ်။ မြန်မာနိုင်ငံက အဝေးသင်တက္ကသိုလ်တွေဆိုတာဟာ ပွဲစားတွေကနေ တဆင့် assignment တင်ပြီး အစုလိုက် အပြုံလိုက် ဘွဲ့ရကြတဲ့ စနစ်လို့ သူက ဝေဖန်ပါတယ်။ ဝေဖန်တဲ့ လူက ဝေဖန်သွားပေမယ့် နှစ်ပေါင်းများစွာအတွင်း သန်းနဲ့ချီ ရှိနိုင်တဲ့ အဝေးသင်ဘွဲ့ရတွေအတွက်တော့ အခံရခက်စေပါတယ်။ ဘယ်လိုပဲပြောပြော အဲဒီ ဘွဲ့ရတွေ အပါအ၀င် စစ်အစိုးရ အဆက်ဆက် ပညာရေးစနစ်က မွေးထုတ်ပေးလိုက်သူတွေဟာ ပညာရေးတင်မက အသက်မွေးဝမ်းကျောင်းမှု နယ်ပယ် အသီးသီးကို ပျံ့နှံ့သွားခဲ့ပါပြီ။
မကြာမီ မြန်မာပြည်လူ့အဖွဲ့အစည်း ပိုပြီး ပွင့်လင်းလာ၊ ပိုပြီး လွတ်လပ်လာတဲ့အခါ နယ်ပယ်အသီးသီးမှာ အခုလို ပြဿနာမျိုး အမြောက်အမြား ပေါ်ထွက်လာဦးမှာ ဖြစ်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ပညာရေးစနစ်ကိုရော လူ့အဖွဲ့အစည်းကိုပါ အခြေခံကျကျ ပြုပြင်ပြောင်းလဲရမယ့်အပြင် အချိန်အများကြီးယူရမယ့် ပြဿနာတွေသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။










