Homeမြန်မာသတင်း
ဝါးတောင် စစ်ဘေးရှောင်စခန်းတွင် ဝမ်းရောဂါ နှင့် ရေကျောက်ရောဂါ ကူးစက်မှုဖြစ်ပွားနေ
ဝါးတောင် စစ်ဘေးရှောင်စခန်းတွင် ဝမ်းရောဂါ နှင့် ရေကျောက်ရောဂါ ကူးစက်မှုဖြစ်ပွားနေ
DVB
·
February 10, 2019
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင် စစ်ဘေးရှောင်စခန်းမှာ ဝမ်းရောဂါနဲ့ ရေကျောက်ရောဂါ ဖြစ်ပွားနေတယ်လို့ ကျောက်တော်မြို့နယ် ကျန်းမာရေးပညာပေးဌာနမှ တာဝန်ရှိသူ ကိုကိုလွင်က ပြောပါတယ်။
မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်းကုသပေးနေသလို လိုအပ်တဲ့သူတွေကို အပေါက်ဝဆေးရုံနဲ့ ကျောက်တော်ဆေးရုံတွေကို ပို့ဆောင်ကုသပေးနေပြီး အများစုက ပြန်ကောင်းသွားပြီလို့ ကျောက်တော်မြို့နယ် ကျန်မာရေးပညာပေးဌာနမှ သိရပါတယ်။
ကျောက်တော်မြို့နယ် ကျန်းမာရေးပညာပေးဌာနမှ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ ကိုကိုလွင်က “၀မ်းလျှော့ဝမ်းပျက်ရောဂါကို သူတို့နေထိုင်မှုအပေါ် မူတည်ပါတယ်။ သူတို့ကို မစင်စွန့်ပစ်မှု စနစ်တကျဖြစ်အောင် စီမံထားပေမယ့် စည်းကမ်းမလိုက်နာနိုင်လျင် ၀မ်းရောဂါကတော့ ဆက်လက်ဖြစ်ပွားနေမှာပါ။ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကိုယ်တိုင် လာရောက်ပြီး ကုသနေပါတယ်။ ဖြစ်ပွားမှုက ဒီလောက်မများပါဘူး။ စာရင်းတွေ ထပ်နေလို့ပါ။ အများစုက ကောင်းသွားကြပါပြီ။ ဒီလိုဖြစ်ရတာ သူတို့စည်းကမ်းမရှိလို့ပါ၊ ICRC အဖွဲ့မှရေသန့်စနစ် သောက်ရေအိုးများ ဖြန့်ဝေပေးထားပါတယ်။ အိမ်သာတွေ ဆောက်လုပ်ပေးထားတာတွေလည်း ရှိပါတယ်။ စနစ်တကျ မသုံးစွဲတတ်ကြသေးတဲ့အပြင် ကျန်မားရေးဌာနက ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုပေးတာတို့၊ အသိပညာပေး ဟောပြောခြင်းတို့ လုပ်ဆောင်နေပါတယ်။ လက်တွေ့ အသုံးချနိုင်မှု အားနည်းတဲ့အတွက် ခုလို ဖြစ်ရတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
၂ နှစ်အောက် ကလေးတွေကို ရေကျောက်ရောဂါကာကွယ်ဆေးထိုးပေးထားပြီး ဒီရောဂါက သူတို့ မူလနေထိုင်ရာ ဒေသကနေလည်း ပါလာနိုင်တာလို့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတဦးက ရေကျောက်ရောဂါကုသပုံကို အခုလို ဆက်ပြောပါတယ်။
“ကုသပုံကတော့ ဗိုင်းရပ်(စ်)ပိုးအတွက် ပေးထားတဲ့ဆေးကတော့ မရှိပါဘူး။ အဖျားကြီးရင် အဖျားကျဆေးပေးမယ်။ ယားယံလျှင် အယားပျောက် ဆေးတွေပေးပါတယ်။ အရည်ကြည်ဖု ပြည်တည်လျှင်တော့ ပဋိဇီဝပိုးသတ်ဆေးတွေပေးဖို့ လိုပါလိမ့်မယ်။ အရည်ကြည်ဖုလေးတွေ အချိန်တန်ရင် ကွာကျသွားမှာပါ။ ဘာဆေးမျှလိမ်းစရာမလိုပါဘူး။ အမာရွတ်လည်း ထင်ကျန် ခြင်း မရှိပါဘူး။ တစ်ခါတစ်ရံအရေပြားရဲ့ (Dermis) အလွှာကို ထိရင်တော့ အမာရွတ်သေးသေးလေး ကျန်တက်ပါတယ်။ ပြည်တည် ရောဂါ ပိုးဝင်ရင်လည်း ကျန်တက်ပါတယ်။ ရေကျောက်ရောဂါဟာ ကာကွယ်ဖို့အတွက် ကာကွယ်ဆေးကို သာမန်အားဖြင့် ထိုးမပေးပါဘူး။ ခုခံအားကျဆင်းနေ တဲ့ ကလေးတွေဆိုရင်တော့ ထိုးပေးနိုင်ပါတယ်။ ဒီရောဂါဟာ အန္တရာယ်မရှိလှသလို၊ သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး။ အရည်ကြည်ဖု လေးတွေဖြစ်ပေါ်လာလည်း ဘာဆေးမျှလိမ်းစရာ မလိုပါဘူး။ သနပ်ခါးလည်း လိမ်းစရာမလိုပါဘူး။ သူ့ဘာသာသူ ပျောက်သွားမှာ ဖြစ်ပါတယ်။ ဖြစ်ပွားမူ ဦးရေက သိပ်မများပါဘူး။ ကျနော်တို့က၂ နှစ်အောက် ကလေးတွေကို ကာကွယ်ဆေး ထိုးပေးထားပါတယ်။ ဒီရောဂါက သူတို့ မူလနေထိုင်ရာဒေသကနေလည်း ပါလာနိုင်ပါတယ်။ MR cam ဝက်သက်နှင့်ဂျိုက်သိုးရောဂါ အစုလိုက်ကာကွယ်ဆေးထိုးခြင်း အဖွဲ့တွေကို ကျနော်တို့ စောင့်နေပါတယ်။ မြန်မာပြည်အနှံ့ထိုးနှံနေတာပါ။ ရခိုင်ပြည်ကို ရောက်လာဖို့ရှိပါတယ်”လို့ ပြောပါတယ်။
ဝက်သက်နဲ့ ဂျိုက်သိုးရောဂါ အစုလိုက်ကာကွယ်ဆေးထိုးတဲ့ အဖွဲ့တွေရခိုင်ပြည်နယ်ကို ရောက်လာဖို့ရှိတယ်လို့လဲပြောပါတယ်။ ၀ါးတောင် စစ်ဘေးရှောင် စခန်းမှာ အိမ်ထောင်စု ၂၁၉ စု၊ လူဦးရေ ၁၁၉၀ ဦးရှိပါတယ်။
သတင်း - ဗညား