မန်းရွှေစက်တော် ဘုရားကျေးရွာတွင် မီးလောင်၊ နေအိမ် ၄ လုံး ဆုံးရှုံး
DVB
·
February 10, 2019
မန်းရွှေစက်တော် ဘုရားပွဲ ကျင်းပတဲ့ ဒီကနေ့ဖွင့်ပွဲနေ့မှာပဲ ဘုရားကျေးရွာ ဒီကနေ့ ညနေပိုင်းက နေအိမ် ၄ လုံး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ မန်းရွှေစက်တော်အနီး ဘုရားရွာ ကွက်သစ် ဒေါ်မြင့်မြင့်သိန်း နေအိမ်မှာ ညနေ ၅ နာရီကျော်က မီးကျွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းပြီး အနီးရှိ နေအိမ်သုံးလုံးနဲ့ စုစုပေါင်း နေအိမ် ၄ လုံး မီးကူစက်လောင်ခဲ့လို့ ဆုံးရှုံးမှု တန်ဖိုးကျပ် ၁၆ သိန်းဖိုးလောက် ဆုံးရှုံးခဲ့ရပါတယ်။
မီးသတ်ရေယာဉ် ၂ စီးနဲ့ မိနစ်ပိုင်းအတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ရောက်ရှိနေတဲ့ မင်းဘူးခရိုင် မီးသတ်ဦးစီးမှူးက ပြောပါတယ်။
မန်းရွှေစက် ဂေါပကဥက္ကဋ္ဌ ဦးအောင်သိန်းကတော့ “အိမ် ၄ လုံးဆိုပေမယ့် သာမာန်အိမ်လေးတွေပါ။ ကျနော်လည်း ရောက်ခဲ့တယ်။ လူထိခိုက်မှု မရှိပါဘူး။ ရွာရဲ့ အပြင်ဘက်လိုဟာမျိုးမှာပါ” လို့ ပြောပါတယ်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဒီကနေ့ မနက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဧပြီ ၁၇ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ကိုလင်း(ချောက်)