Home
မြန်မာသတင်း
တပ်မတော်နှင့်အေအေ ငြိမ်းချမ်းရေး အစိုးရက ညှိနှိုင်းပေးရန် ပြည်ခိုင်ဖြိုးပါတီပြော
DVB
·
February 10, 2019
ရက္ခိုင့်တပ်မတော် (အေအေ) နဲ့ မြန်မာ့တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးကိစ္စ မပြေလည်နိုင်သေးတာဟာ ကြားဝင်ဖြေရှင်းပေးမယ့် အဖွဲ့အစည်းမရှိလို့ဖြစ်ပြီး လက်ရှိ အစိုးရက ပြေလည်အောင် ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ပြုလုပ်တဲ့ ပါတီပြောရေးဆိုခွင့်ရှိသူများနဲ့ ရခိုင်ပြည်နယ်ရှိ မီဒီယာတွေ မိတ်ဆက်ပွဲအခမ်းအနားမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသန်းဝေက အခုလိုပြောဆိုက်တာပါ။ “တပ်မတော်ဘက်ကလည်း ငြိမ်းချမ်းရေးလိုလားမှာပေါ့။ အခုဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်မတော် အေအေကလည်းပဲ ငြိမ်းချမ်းရေးလိုချင်တယ်လို့ ပြောကြပါတယ်။ ဒီကြားထဲမှာ ဘာလို့ ဝေးကွာနေရတာလဲ၊ ဘာလို့ အဖြေမထွက်တာလဲ။ ဦစီးဦးဆောင်လုပ်ရမယ့်၊ ကြားဝင်ရမယ့်၊ ညှိနှိုင်းရမယ့်၊ ပေါင်းစပ်ရမယ့် ပုဂ္ဂိုလ်သည် လက်ရှိ အစိုးရပဲဖြစ်တယ်။ လက်ရှိအစိုးရကမှ ပေါင်းစပ်ပေးရမယ်။ စစ်မက်ရဲရာကို ဟန့်ထားမယ်ဆိုရင်လည်း အစိုးရကပဲ အမိန့်ပေးနိုင်တာပေါ့။” ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတဲ့ ပြည်နယ်တခုဖြစ်ပြီး အဲဒီလို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသတည်ငြိမ်အေးချမ်းဖို့ လိုအပ်နေတဲ့ အချိန်ကာလမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရခိုင်တိုင်းရင်းသားနဲ့ မျိုးနွယ်စုဝင်တွေ ဒုက္ခရောက်နေရတယ်လို့ ဆိုပါတယ်။ နှစ်ဖက်ငြိမ်းချမ်းရေးရဖို့ အဖြေရှာတဲ့အခါမှာလည်း ရခိုင်တိုင်းရင်းသားဒေသခံတွေနဲ့ ပထမဦးစွာ တွေ့ဆုံဆွေးနွေးပြီး ဆောင်ရွက်မှသာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ “ရခိုင်လူမျိုးများရဲ့ ခံစားချက်များကို လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့ နားလည်ပေးပါ။ အသိအမှတ်ပြုပေးပါ။ လက်ရှိ အစိုးရများအနေနဲ့ ရခိုင်လူထုနဲ့ တွေ့ဆုံပြီးတော့မှ ဘယ်လို တည်ငြိမ်အေးချမ်းမှု ရနိုင်မယ်၊ ဘယ်လိုလုပ်ရင် ဖွံ့ဖြိုးတိုးတက်မယ် ဆိုတာလေးတွေကို အမြဲခေါင်းထဲထားပေးပြီးတော့ ကျနော်တို့ ရခိုင်နယ်သူ၊ ပြည်နယ်သားများနဲ့ တွေ့ဆုံပြီးတော့မှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက်၊ တည်ငြိမ်အေးချမ်းရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးစေချင်တယ်လို့ ကျနော်တို့ပါတီအနေနဲ့ ပြောကြားလိုပါတယ်” လို့ ဦးသန်းဝေက ပြောပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေနဲ့ ပြည်နယ်အတွင်းက မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ရခိုင်ပြည်နယ်အတွက် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တွေနဲ့ သတင်းမီဒီယာတွေကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအကြောင်းအပါအဝင်၊ တိုက်ပွဲနဲ့ ဆက်စပ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မရုံးတို့ရဲ့ ညွှန်ကြားချက်တွေနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ အမြင်တွေကို ချပြခဲ့ပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024