Home
မြန်မာသတင်း
ကန်တော်ကြီး လူကူးတံတားတည်ဆောက်မှု ကုန်ကျစရိတ် ပြန်စိစစ်မည်
DVB
·
February 9, 2019
ကန်တော်ကြီးလူကူးတံတားရဲ့ ဘဏ္ဍာနှစ်အလိုက် တည်ဆောက်မှုကုန်ကျစရိတ် အသေးစိတ်ကို ပြန်လည် စိစစ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်း ဥပဒေနောက်ဆက်တွဲ ၂ မှာ ပါဝင်ထည့်သွင်း ပြောင်းလဲဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ကော်မတီရဲ့ သဘောထားမှတ်ချက် ဆွေးနွေးရာမှာ အခုလို ထည့်သွင်းပြောဆိုသွားတာပါ။ ကန်တော်ကြီး လူကူးတံတားကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်း ဥပဒေနောက်ဆက်တွဲ ၂ မှာ ကျပ် ၁၄၀၄ သန်း အသုံးပြုပြီး အပိုင်းလိုက် တည်ဆောက်သွားမှာပါ။ အရှည် ၇၁၉၃ ပေ ရှိတဲ့ ကန်တော်ကြီး လူကူးတံတားကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ပေ ၁၇၀၀၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ပေ ၁၃၃၀ နဲ့ အပိုင်းလိုက် တည်ဆောက်ခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ပေ ၂၀၀၀ အတွက် ကျပ်သန်း ၉၄၀ ကို ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က “၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ကျပ် သန်း ၁၀၀၀ တင်ပြခဲ့တာကို ကော်မတိက စိစစ်ပြီး သန်း ၉၄၀ ခွင့်ပြုခဲ့ရာမှာ ပေ၂၀၀၀ မပြီးပဲ ပေ ၁၈၀၀ ပဲ ဆောင်ရွက်ပြီးစီးခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အဲဒီ့အတွက် တံတားတခုလုံးရဲ့ ဘဏ္ဍာနှစ်အလိုက် အပိုင်းလိုက်ဆောင်ရွက်တာတွေကို စိစစ်ဖို့ လိုအပ်လာပါတယ်။ အသေးစိတ်အချက်အလက်များကို ကော်မတီထံကို စီမံကိန်းတာဝန်ရှိသူတွေက လာရောက်ရှင်းလင်းပေးဖို့ လိုအပ်တယ်ဆိုတာ တပါတည်း တင်ပြလိုပါတယ်” လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024