Home
မြန်မာသတင်း
ချမှတ်ထားသည့် မူဝါဒများနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရကို အတိုင်ပင်ခံ သတိပေး
DVB
·
February 9, 2019
ပြည်ထောင်စုက ချမှတ်ထားတဲ့ မူဝါဒတွေအပေါ် သိရှိမှု အားနည်းနေတာတွေ မဖြစ်စေဖို့ ရှမ်းပြည်နယ်အစိုးရကို နိုင်ငံတော်အတိုင်ပင်ခံက သတိပေးလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ မနေ့က တောင်ကြီးမြို့မှာ တွေ့ဆုံပြီး အခုလို သတိပေးခဲ့တာလို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ “သတိပေးလိုသည်မှာ ပြည်နယ် အစိုးရအနေဖြင့် ပြည်ထောင်စုက ချမှတ်ထားသည့် မူဝါဒများ အပေါ်သိရှိမှု အားနည်း နေသည်များ မဖြစ်စေရန် သတိပြုကြရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထုနှင့် နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံပြီး အစိုးရ၏ လုပ်ဆောင်ချက်များကို ရှင်းလင်းပေးကြရန် အရေးကြီးပါကြောင်း၊ ထူးခြားချက်တခုမှာ ရှမ်းပြည်နယ်တွင် ဘာသာမခြား၊ လူမျိုးမခြားဘဲ ရင်းနှီးချစ်ကြည်စွာ ပူးတွဲနေထိုင်လုပ်ကိုင်နေကြသည်မှာ ကျေနပ်အားရဖွယ်ကောင်းပါကြောင်း၊ ယင်းချစ်ကြည်ရင်းနှီးညီညွတ်မှုကို တောင်ကြီးမြို့မှ ရှမ်းပြည်နယ်တခုလုံး၊ ရှမ်းပြည်နယ်မှ ပြည်ထောင်စုတခုလုံးသို့ ပျံ့နှံ့ရောက်ရှိအောင် ကြိုးပမ်းပေးကြစေလိုပါကြောင်း။” ဒါ့အပြင် ရှမ်းပြည်နယ်မှာ စိမ်းလန်းစိုမြေမှုနဲ့ သဘာဝအလှအပတွေ အားနည်းသွားတာတွေ့ရှိရပြီး စနစ်တကျ ရေရှည်ပြုပြင်သွားဖို့ လိုအပ်ကြောင်းလည်း အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။ “ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့တွင် ရုပ်ပိုင်းဆိုင်ရာအရ တိုးတက်လာသည် မှန်သော်လည်း စိတ်ပိုင်းဆိုင်ရာအရ လိုအပ်ချက်များဖြစ်သည့် စိမ်းလန်းစိုပြေမှုနှင့် သဘာဝအလှအပများ အားနည်းသွားသည်ကို တွေ့ရှိရသဖြင့် Master Plan တစ်ခုရေးဆွဲကာ စနစ်တကျ ရေရှည်ပြုပြင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။” ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးကို အထူးအလေးထားပြီး စီစဉ်ပြင်ဆင်ဆောင်ရွက်ဖို့၊ အစားထိုး စိုက်ပျိုးတဲ့ သီးနှံအတွက် နည်းပညာ၊ ဈေးကွက်၊ ရိတ်သိမ်းချိန်လွန်သိုလှောင်မှု၊ သယ်ယူပို့ဆောင်ရေး စတာတွေကို စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်မှ အောင်မြင်နိုင်မယ်လို့လည်း အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024