တောင်အာဖရိကတွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆ ဦးအထိရှိ

ဓာတ်ပုံ - Reuters
1.3K
တောင်အာဖရိကနိုင်ငံအရှေ့ပိုင်း အင်မ်ပူမာလန်ဂါပြည်နယ်က အသုံးမပြုတော့တဲ့ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူဟာ ၆ ဦးအထိ ရှိလာပြီး အများအပြား ပိတ်မိနေတယ်လို့ သတ္တုတွင်း တာဝန်ရှိသူတဦးက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြောပါတယ်။
မစ်ဒယ်ဘာ့ဂ်မြို့က ကျောက်မီးသွေးတွင်းမှာ လူ ၂၀ ကျော် ပိတ်မိနေပြီး သေဆုံးပြီလို့ ယူဆရကြောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါ့အပြင် မြေအောက်မှာ အဆိပ်ငွေ့ပမာဏ မြင့်မားနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြန့်ကြာရတယ်လို့လည်း သူက ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက ကျောက်မီးသွေးတွင်းထဲကို လူတွေအများကြီး ဝင်ရောက်ပြီး အလင်းရောင်နဲ့ လေဝင်လေထွက်အတွက် ဓာတ်အားပေးရာ ကြေးဝါကြိုးတွေကို ခိုးယူခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ ဓာတ်ငွေ့ပိုက် ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောခဲ့ပါတယ်။
အဲဒီ ကျောက်မီးသွေးတွင်းကို တယ်ဂယ်ဒါ သဘာဝရင်းမြစ်ရှာဖွေရေး ကုမ္ပဏီက ပိုင်ဆိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။