Friday, June 9, 2023
HomeLead Storyအရုဏ်မျှော်နေတဲ့ ခရီးပြင်းနှင်သူများ

အရုဏ်မျှော်နေတဲ့ ခရီးပြင်းနှင်သူများ

“အရင်တုန်းက ညီအစ်ကိုမောင်နှမတွေလို အတူတူပေါ့။ ပဋိပက္ခဖြစ်ပြီးတဲ့နောက်မှာ သူတို့တွေက ခွဲခြားလာတယ်” လို့ လက်ရှိနေရတဲ့ ခုနစ်အိမ်တန်းရဲ့ ကျိုးတိုးကျဲတဲ ဝါးကြမ်းပြင်ကို စိုက်ကြည့်ပြီး ပြောင်းလဲသွားတဲ့ ဆက်ဆံရေးတွေအပေါ် မယုံနိုင်တဲ့ ပြောင်းလဲသွားမှုအပေါ် စိတ်မကောင်းဖြစ်နေတဲ့ လေသံဖျော့ဖျော့နဲ့ အသက် ၆၅ နှစ်အရွယ်ရှိတဲ့ ကမန်တိုင်းရင်းသူ ဒေါ်တင်တင်စိန်က ပြောပြနေပါတယ်။

ဒေါ်တင်တင်စိန်ဟာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း လူများစု ဗုဒ္ဓဘာသာဝင် ရခိုင်တွေနဲ့ လူနည်းစု မွတ်ဆလင်ဘာသာဝင် ကမန်တွေအကြား ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နောက် ကမန်တွေဟာ အိမ်တွေစွန့်ခွာကာ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရသူတယောက် ဖြစ်ပါတယ်။ အဲဒီနောက် အစိုးရက စီစဉ်ပေးမှုနဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဘွက်ကြီးကျေးရွာကို ပြောင်းရွှေ့လာခဲ့ကြတဲ့ ကမန်မိသားစု ၃၀ ကျော်ထဲ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်ထူကိုယ်ထ ပြန်ထူထောင်ရတာ ဖြစ်တယ်လို့ ကမန်တွေက ပြောပါတယ်။

ဘွက်ကြီးရွာ (အုပ်ချုပ်ရေးမှူး) ကမန်လူမျိုးတယောက်ဖြစ်တဲ့ ဦးထွန်းငွေက “အစ္စလာမ်ဖြစ်လို့ ခွဲခြားဆက်ဆံခံရတယ်ဆိုတော့ ကျနော်တို့ မခံစားနိုင်ဘူး။ ပြောပြစရာ စကားလုံးတောင် မရှိဘူး။ ကျနော်တို့က တိုင်းရင်းသားစိတ် တိုင်းရင်းသားပုံစံ နေချင်တယ်။ အကုန်လုံးနဲ့ ညီအစ်ကိုလိုပဲ သဘောထားတယ်။ နိုင်ငံထဲက တိုင်းရင်းသား အကုန်လုံးက ခရစ်ယာန်ဖြစ်ဖြစ် အစ္စလာမ်ဖြစ်ဖြစ် နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံးကို အတူတူလို့ပဲ မြင်စေချင်တယ်” လို့ ပြောပါတယ်။

ကမန်တွေဟာ မြန်မာနိုင်ငံက တရားဝင် အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာ ပါဝင်ပြီး ရခိုင်ပြည်နယ်တွင်းက ရခိုင်၊ ဒိုင်းနက်၊ မရမာကြီး၊ ခမီ၊ မြို၊ သက်၊ ကမန် စတဲ့ မျိုးနွယ်စုကွဲ ၇ ခုမှာ ပါဝင်ပါတယ်။

ရခိုင်ဘုရင့်နိုင်ငံတော်ကာလက ကမန်တွေဟာ ဘုရင့်တပ်မှာ လေးသည်တော်များအဖြစ် အမှုထမ်းခဲ့ကြတာကို ဂုဏ်ယူပြောလေ့ရှိပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ ကမန် ၄၅၀၀၀ ၀န်းကျင်ရှိပါတယ်။

“၂၀၁၂ အရေးအခင်းဖြစ်ပြီး ကမန်လူမျိုးတွေဟာ နေရပ်စွန့်ခွာကြရပေမယ့် တချို့ ကျန်နေသေးတယ်။ ပမာဏနည်းပါတယ်။ သူတို့ကတော့ အစိုးရဝန်ထမ်းတွေ ဖြစ်နေလို့ မပြောင်းရတာဖြစ်တယ်” လို့လည်း ရခိုင်လူမျိုးများ တိုင်းရင်းသားရေးရာဝန်ကြီးက ဆိုပါတယ်။

၂၀၁၂ ခုနှစ် မေလက ဖြစ်ပွားတဲ့ ရာဇဝတ်မှုတခုက အခြေအနေကို ရုတ်ချည်း ပြောင်းလဲသွားစေပါတယ်။ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ရခိုင်အမျိုးသမီးငယ်တဦးဟာ အဓမ္မပြုကျင့်ပြီး ခေါင်းဖြတ်အသတ်ခံရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂါလီ (ရိုဟင်ဂျာ) အမျိုးသား ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး တယောက်ကတော့ အချုပ်ခန်းအတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တရားခံ ၂ ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။

လက်တုံ့ပြန်မှုတွေ ဖြစ်ပွားခဲ့တာမှာ တောင်ကုတ်မြို့နယ်မှာ ရခိုင်လူအုပ်က မွတ်ဆလင် ကိုးဦးကို သတ်ဖြတ်မှုပါ ပါဝင်ခဲ့ပါတယ်။ ကောလာဟလတွေနဲ့ မယုံကြည်မှုတွေ တိုးပွားခဲ့ပြီး ရခိုင်နဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ပြန့်ထွက်ခဲ့ပါတယ်။ အဲဒီနောက်တော့ ကမန်တွေဟာ ကိုးကွယ်ရာ ဘာသာတူ ဘင်္ဂါလီတွေကို နိုင်ငံသားစိစစ်ရေးကတ်တွေရအောင် ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကမန်တွေဘက် ပဋိပက္ခ ရောက်လာခဲ့ပါတော့တယ်။

“တောဘက်တွေ ပြေးလိုပြေး။ အိမ်တွေမှာ ဘာမှမရခဲ့ဘဲ ပြေးကြတာပေါ့” ပဋိပက္ခ ဖြစ်ပွားစဉ်က ကြုံတွေ့ခဲ့ရတာကို ဒေါ်တင်တင်စိန်က ပြောပါတယ်။

ကမန်လူမျိုး ရခိုင်တိုင်းရင်းသူ ဒေါ်တင်တင်စိန်ဟာ ရမ်းဗြဲမှာနေစဉ်က ကျောင်းသန့်ရှင်းရေးဝန်ထမ်းအလုပ်ကို လုပ်ကိုင်ခဲ့သူ ဖြစ်ပေမယ့် ယခု ပင်စင်စား အငြိမ်းစားဝန်ထမ်းအဖြစ် ရန်ကုန်မှာရှိတဲ့ သမီးဖြစ်သူဆီ လိုက်လာ ပြောင်းရွှေ့ခဲ့ရသူ ဖြစ်ပါတယ်။ လတ်တလော ရန်ကုန်မှာ သမီးနဲ့အတူ အိမ်ဆိုင်လေးဖွင့် ဝင်ငွေရှာ စားသောက်နေရသူပါ။

ကမန်အမျိုးသားတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက “အဓိကကတော့ လူတိုင်းလူတိုင်းမှာ လွတ်လပ်မှု၊ မျှတမှု၊ တန်းတူညီမှုဆိုတာ လူတိုင်း တန်ဖိုးထားကြတာပဲ။ ဆိုတော့ ဒီနိုင်ငံမှာလည်းပဲ နိုင်ငံသားဖြစ်မှု ဥပဒေတွေ ရှိပါတယ်။ ဥပဒေနဲ့ ညီတယ်ဆိုရင် နိုင်ငံသားဖြစ်တယ်။ နိုင်ငံသား ဖြစ်ပြီးသွားရင် ဘယ်အစိုးရပဲလာလာ ခိုင်မာသေချာ ရေရာတဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် နိုင်ငံသား တဦးချင်းဆီ အပေါ်မှာ အာမခံနိုင်တဲ့ အစိုးရမျိုးဖြစ်ဖို့လိုတယ်။ ထိုနည်းတူစွာပဲ ဥပဒေက ဘယ်လောက်ပဲ ပြဋ္ဌာန်းထား ပြဋ္ဌာန်းထား၊ ဥပဒေက ဘယ်လောက်ပဲ အာမခံထားထား အုပ်ချုပ်တဲ့ အာဏာရတဲ့ သူက ဒီဥပဒေကို အလွဲသုံးစားလုပ် ဆောင်ရွက်ခဲ့တဲ့ အကျိုးဆက်ဟာ တနိုင်ငံလုံး ခံစားနေရတယ်” လို့ ပြောပါတယ်။

“ရခိုင်ဒေသဟာ တရားဥဒေစိုးမိုးမှုကို လိုချင်နေတာ။ အဓိက တရားဥပဒေ စိုးမိုးသွားရင် ရခိုင်ဒေသဟာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြစ်သွားတာ။ အဓိကလုပ်ဆောင်ရမှာက တရားဥပဒေစိုးမိုးမှု။ အစိုးရအနေနဲ့ ရခိုင်ပဲဖြစ်ဖြစ်၊ ဘင်္ဂါလီပဲဖြစ်ဖြစ်၊ ကမန်ပဲဖြစ်ဖြစ်၊ မြိုပဲဖြစ်ဖြစ် တဦးချင်းစီအပေါ်မှာ အစိုးရယန္တရား အာမခံလိုက်ရင် လူမျိုးရေး ဘာသာရေး ပဋိပက္ခဟာ ဖြစ်စရာ အကြောင်းကို မရှိဘူး” လို့လည်း ဦးတင်လှိုင်ဝင်းက ဆက်ပြောပါတယ်။

လက်ရှိ နေရပ်စွန့်ခွာခဲ့တဲ့ ရန်ကုန်ရောက် ကမန်တွေအတွက် သူတို့ ယုံကြည်အားထား ကိုးကွယ်ရာ ကိုယ်ပိုင်ဝတ်ပြုကျောင်း လိုအပ်မှု အခက်အခဲလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ မန္တလေး စတဲ့ဒေသတွေမှာ ဘာသာရေးပြဿနာတွေ ဖြစ်ပေါ်ခဲ့ပေမယ့် တချို့နေရာတွေမှာလည်း ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ ဘာသာစုံဟာ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နေကြပါတယ်။

“တိုင်းပြည်ငြိမ်းချမ်းရေး ရချင်တာပဲဖြစ်ဖြစ် တိုင်းပြည်စီးပွားရေး တိုးတက်ချင်တာပဲဖြစ်ဖြစ် ဘယ်အကြောင်းအရာမှာပဲဖြစ်ဖြစ် ကျနော်တို့က ဘုံရည်မှန်းချက်နဲ့ သွားတယ်ဆိုရင် ကျန်တဲ့ဟာက အလိုလို ပျောက်သွားတယ်” လို့ မြန်မာပြည်ရဲ့ ဘာသာရေးပြဿနာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ရဲ့ နာမည်တခုရနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်း ဥက္ကဋ္ဌ ဦးကိုကိုလေးက သုံးသပ်ပြောဆိုပါတယ်။

ဦးကိုကိုလေးဟာ မွတ်ဆလင်၊ ခရစ်ယာန်နဲ့ ဗမာ သူငယ်ချင်းသုံးယောက်ပေါင်းပြီး တည်ထောင်ထားတဲ့ ၁၆ နှစ်ကျော် သက်တမ်းရှိနေတဲ့ Three Friends Construction လုပ်ငန်းရဲ့ ဥက္ကဋ္ဌတဦးပဲ ဖြစ်ပါတယ်။

“အဓိက ကျနော်တို့ကလည်း ကျနော်တို့တိုင်းပြည် ဖွံ့ဖြိုးရမယ်။ ကျနော်တို့တိုင်းပြည် တိုးတက်ရမယ်ဆိုရင် ကျနော်က ဘုံရည်မှန်းချက်နဲ့ သွားဖို့ရှိပါတယ်။ နိမ့်ကျတဲ့ အတွေးအခေါ်လို့ ဆိုရမှာပေါ့။ ဒီလို အတွေးအခေါ် ရှိနေရင်တော့ တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက်ဖို့တော့ ခက်မှာပေါ့နော်” လို့ ဦးကိုကိုလေးက ပြောပါတယ်။

ကမန်နဲ့ ရခိုင်တွေရဲ့ အရင်လို ရင်းရင်းနှီးနှီး နေထိုင်နိုင်ဖို့အတွက် ကြိုးစားမှုကတော့ လက်တွေ့ လွယ်ကူတဲ့အရာ မဟုတ်ဘူး။ အစိုးရအနေနဲ့ ရခိုင်ပြည်အေးချမ်းဖို့အတွက် အဓိက အကြောင်းအရာက ရခိုင်နဲ့ပတ်သက်တဲ့ မူဝါဒတွေ အမြန်ရေးဆွဲဖို့ လိုသလို အမြန်ဆောင်ရွက်ဖို့လည်း လိုအပ်နေတယ်လို့ ရခိုင်အရေး စောင့်ကြည့်သူတချို့ကတော့ သုံးသပ်နေကြပါတယ်။

“နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ လူကြီးမိဘတွေ ဇာတိဖြစ်တဲ့ ရမ်းဗြဲကို ပြန်ချင်ပေမယ့်လည်း ပြန်လို့မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ဖြစ်နေပြီလေ။ ဒါပေမယ့် ပြန်ချင်တာပေါ့။ ခုလောလောဆယ်တော့ ရန်ကုန်မှာ သမီးနဲ့အတူ နေရတာ အဆင်ပြေပါတယ်” လို့ သမီးမျက်နှာကို ကြည့်ရင်း ရီဝေတဲ့ မျက်ဝန်းတွေနဲ့ ကွမ်းယာဆိုင်လေးဖွင့်ထားတဲ့ အိမ်ရှေ့ ကွပ်ပြစ်ပေါ်ထိုင်ရင်း ဝါးကြမ်းခင်းလေးကို ငုံ့ငေးရင်း ဒေါ်တင်တင်စိန်က ပြောရှာပါတယ်။

မင်းရဲစစ်နိုင်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular