တောင်န၀င်းဆည် ကောလာဟလသတင်းကြောင့် ဒေသခံများထိတ်လန့် ထွက်ပြေးနေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊  ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းဆည်ကြီး တာကျိုးသွားတယ်ဆိုတဲ့ ကောလာဟာလသတင်းတွေကြောင့် ပေါက်ခေါင်းမြို့နဲ့ အနီးအနား က ကျေးရွာတွေက ဒေသခံတွေ ထိတ်လန့်နေကြပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မနက်မှာ တာဆည်ကျိုးပြီဆိုပြီး ကောလာဟလ သတင်းတွေထွက်ပေါ်လာပြီး ပေါက်ခေါင်းမြို့ပေါ်နဲ့ ဆည်အောက်က ကျေးရွာတွေမှာ နေထိုင်သူတွေ ထိတ်လန့်တကြား စိုးရိမ်ထွက်ပြေးနေကြတာပါ။ တာဘောင်ရောက်နေတဲ့ ဒီဗွီဘီသတင်းထောက် ကိုမင်းညိုက “ ပေါက်ခေါင်းမြို့ အ၀င်ကစပြီးလူတွေ ရုတ်ရုတ်သဲသဲနဲ့ တောင်န၀င်းဆည်ကြီး ကျိုးပြီဆိုပြီးတော့ အုန်းအုန်းကျွက်ကျွက်တွေဖြစ်နေပြီး ရွာသားတွေပါ ဆောက်တည်ရာမဲ့ ထွက်ပြေးနေတာကို တွေ့တယ်။ ဆည်အောက်က ကပ်လျက်ရှိတဲ့ ရွက်သစ်ရွာက စာသင်ကျောင်းကလည်း ကလေးတွေကို ဘယ်လိုမှ ခေါ်မရတော့ဘူး။ ဆည်ကျိုးတယ်ဆိုတဲ့ ကောလာဟာလနဲ့ အကုန်လုံး ထွက်ပြေးနေကြပါတယ်။ ကျနော်တို့ အခုဆည်ပေါ် ရောက်နေပါတယ်။ ဆည်ပေါ်မှာတော့ ဆည်ကျိုးတဲ့ အရိပ်အရောင်မမြင်ရသေးပါဘူး။ ဒါပေမယ့် အရင်တုန်းက အခြေအနေထက် စာရင်တော့ တရက်အတွင်းမှာ ခြေလက်မလောက်တော့ နိမ့်ကျသွားတာကို တွေ့ရပါတယ်။ ပက်ကြားအက်တွေလည်း နဂိုထက် တော်တော်များများ ကြီးလာတာကို တွေ့ရပါတယ်။”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့လကလည်း တောင်နဝင်းဆည်ကြီးမှာ ပတ်ကြားအက်တွေနဲ့ ဆည်နိမ့်လာတာ ပိုဆိုးလာလို့ ဆည်အောက်ကကျေးရွာတွေ ရေလွတ်မယ်ထင်တဲ့ နေရာတွေကို ရွှေ့ပြောင်းတာ ရှိခဲ့ပါတယ်။ တောင်နဝင်းဆည်ကို ဆည်မြောင်းဦးစီးဌာနက ဒု ညွှန်ချုပ်နဲ့ ဘူမိဗေဒပညာရှင်တွေ လာရောက်စစ်ဆေးခဲ့ပြီး တာကျိုးပေါက်ဖို့ မစိုးရိမ်ရဘူးလို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်က ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ရှင်းပြခဲ့ပါတယ်။ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်က“တမံကို ဒေါင့်ဖြတ်ကွဲတယ်ဆိုရင်တော့ စိုးရိမ်ရတယ်ပေါ့။ ခုက တမံနဲ့ မျဉ်းပြိုင်ကွဲတာ ကတော့ စိုးရိမ်စရာမရှိဘူး။ ဆည်တိုင်းမှာ ဒီလို အက်ရာကတော့ ရှိတယ်လို့လည်း ပြောတယ်။ ငလျင်ကြောတွေက ဒီဆည်ကို ဖြတ်သွားတာကိုး” လို့ ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ငလျင် ၄ ကြိမ် လှုပ်ခဲ့တာကြောင့် ဆည်အပေါ်မှာ အက်ကြောင်း လာထင်တာ ဖြစ်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။ တောင်နဝင်းဆည်ဟာ ဂျပန်နည်းပညာနဲ့  တည်ဆောက်ထားတာဖြစ်ပြီး မြေသားတမံဖြစ်တာ၊ အောက်ခြေမြေသားရဲ့ ကျောက်ပါဝင်မှုဟာ သက်ရင့်ကျောက် အမျိုးအစားဖြစ်တာ၊ ဆည်စဆောက်စဉ်ကတတည်းက  ဂျပန်ပညာရှင်တွေက မြေငလျင်ဒဏ်ကို ထည့်သွင်းတွက်ချက် တည်ဆောက်ထာားတာဖြစ်လို့ ဆည်ကျိုးပေါက်မှာ မစိုးရိမ်ရဘူးလို့ ဆည်မြောင်းဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်က လွှတ်တော် အမတ်တွေကို ရှင်းလင်းပြောပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up