မီးငြှိမ်းသတ်ပြီးပြန်လာသည့် မီးသတ်ကား ၂ စီးတိုက်​မိ

မန္တလေးတိုင်း​ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းနဲ့ ၆၂ လမ်းထောင့်မှာ ဖေ​ဖော်ဝါရီ ၇ ရက်မနက်က  မီးငြှိမ်းသတ်​ပြီး ပြန်လာတဲ့ မီးသတ်ကားနှစ်​စီး တိုက်မိခဲ့ပါတယ်​။ ချမ်းမြသာစည်မြို့နယ်လမ်း ၆၀နဲ့ ၆၁ လမ်းကြား သဇင်လမ်းနဲ့ ကံ့ကော်လမ်းကြား ပိတောက်လမ်းသွယ်ရှိ သိုးခြံဘူတာအနီးမှာ မနေ့ မနက် ၆နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ  မီးငြှိမ်းသတ်ပြီး ပြန်​လာတဲ့ကားနှစ်​စီး တိုက်​မိခဲ့တာပါ။ မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ ခရိုင်ဦးစီးမှူး ဦးထက်အောင်​က​ “လူတွေကတော့ ဘာမှ ထိခိုက်ဒဏ်ရာမရခဲ့ဘူးဗျ။ ကားပဲပျက်စီးသွားတယ်။ တစီးက ချမ်းမြသာစည်မြို့နယ်ရုံးက တစီးက တော့ မြို့သစ် (၂) လွှဲထားတဲ့ ကားပါ။ တစီးက မနော်ဟရီက လာတယ်ပြီး တစီးက ၆၂ လမ်းကလာတယ် လမ်းဆုံရောက်တော့ မတော်တဆတိုက်​မိခဲ့ပါ”လို့ ပြောပါတယ်။ ဦးခင်မောင်တင့်ရဲ့ သွပ်မိုးထရံကာ နေအိမ်အတွင်းက မီးဖြတ်စက်အပူလွန်ကဲရာက​နေ အနီးကထရံကို ကူးစက်စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ် တလုံးနဲ့ အသုံးအဆောင်ပစ္စည်း ကျပ် ၁၅၀၀၀၀ တန်ဖိုး မီးလောင်ဆုံးရှူံးခဲ့တယ်​လို့ မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့က သိရပါတယ်။ အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး  ဦးခင်မောင်တင့်ကို ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းက  ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

More News
Up