Home
မြန်မာသတင်း
ချင်းပြည်နယ်၌ ၂၉ နှစ်ကြာ ရင်းနှီးမြှုပ်နှံမှု ၀င်မလာသည့်အပေါ် လွှတ်တော်တွင် မေးခွန်းထုတ်
အောင်ဆန်းဦး
·
February 7, 2019
၏ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ရရှိစေဖို့ နိုင်ငံတော်အနေနဲ့ ကြိုးစားဆောင်ရွက်နေပေမယ့် ၂၉ နှစ်ကြာချိန်အထိ ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက် လုပ်ကိုင်ခြင်းမရှိသေးတဲ့အပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက မေးခွန်း ထုတ်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၇ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သံလျှင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမရခဲ့တဲ့ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာအောင် အထူးကင်းလွတ်ခွင့်ပေးပြီး ဆောင်ရွက်ဖို့ အစီအစဉ်ရှိ၊ မရှိ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်း မေးခွန်းထုတ်လိုက်တာပါ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က “၁၉၈၈ ခုနှစ်ကနေ ယနေ့အထိ နှစ်ပေါင်း ၂၉ နှစ် အတွင်းမှာ ကယားပြည်နယ်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တခုသာရခဲ့တယ်။ ပြည်တွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၃ ခုရခဲ့ပါတယ်။ ချင်းပြည်နယ်ကတော့ ပိုဆိုးပါတယ်။ ၂၉ နှစ်လုံးလုံးအတွင်းမှာ ရင်းနှီးမြှုပ်နှံမှု တခုမှ မရခဲ့သေးပါဘူး။ ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အထိပေါ့။ အဲ့ဒီအခါကျတော့ ကျနော်တို့က နိုင်ငံတော်ရည်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက်ဖို့အတွက်ဆိုရင် ကျနော်တို့ တာဝန်ယူနေတဲ့အချိန်၊ ဒီအစိုးရ တာဝန်ယူနေတဲ့ ကာလအတွင်းမှာ အစွမ်းကုန်ကြိုးစားဖို့ လိုအပ်တယ်”လို့ပြောသွားပါတယ်။ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာအောင် ရင်းနှီးမြှုပ်နှံသူတွေကို ၇ နှစ်အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးပြီး ဆောင်ရွက်နေတယ်လို့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးဆက်အောင်က လာရောက် ဖြေကြားသွားပါတယ်။ “နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအတွက် နှစ်ရှည်မြေ အသုံးပြုခွင့်ဟာ အဓိက အရေးပါတဲ့ ဆွဲဆောင်မှု တရပ်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၅၀ (စ) အရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနည်းပါးပြီး ဆက်သွယ်ရေးသွားလာခက်ခဲတဲ့ နေရာများမှာ မြေအသုံးပြုခွင့်များကို နှစ် ၇၀ ထက်ပိုမို၍ အသုံးပြုခွင့်ရရှိရေး ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နှင့် ခွင့်ပြုနိုင်ကြောင်းကိုလည်း ပြဋ္ဌာန်းထားတဲ့ဖြစ်တဲ့အတွက် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့သည် အဆိုပါပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်ခြင်းဖြစ်သော ကြောင့် နှစ်ရှည်မြေငှားရမ်းခွင့်ကို အထူးအခွင့်အရေးအနေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်” နိုင်ငံတော်အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးမှုနောက်ကျတဲ့ ဒေသတွေ ကိုသာ ဝင်ငွေခွန် ကင်းလွတ်ခွင့် ၇ နှစ်အထိ ခွင့်ပြုထားတာဖြစ်ပေမယ့် ဖွံ့ဖြိုးမှု အနည်းငယ်ရှိတဲ့ ဒေသတွေမှာတော့ ဝင်ငွေခွန်ကင်းလွတ်ခွင့် ၅ နှစ်သာ ခွင့်ပြုပေးထားပါတယ်။  ဖွံ့ဖြိုးမှုရှိတဲ့ ဒေသတွေမှာ ဝင်ငွေခွန်ကင်းလွတ်ခွင့် ၃ နှစ်အထိ လျော့ချ ခံစားခွင့်ပြုထားပါတယ်။ မြေယာအသုံးပြုခွင့်မှာလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ နှစ် ၅၀ နဲ့ ထပ်တိုး ၁၀ နှစ်အထိသာ ခွင့်ပြုပေးထားပေမယ့် ဖွံ့ဖြိုးမှုနည်းပါးပြီး သွားလာဖို့ ခက်ခဲတဲ့ ဒေသတွေကိုတော့ နှစ် ၇၀ ထက် ပိုမိုအသုံးပြုခွင့် ပေးထားတယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024