ရခိုင်လူထုစည်းဝေးပွဲ ပထမဆုံးအကြိမ် ရသေ့တောင်တွင် ကျင်းပ

1.4K
ရခိုင်လူထုလူတန်းစား အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ ပထမဆုံးအကြိမ် လူထု အစည်းအဝေးပွဲကြီးကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့က အလိုတော်ပြည့်ကျောင်းတိုက် အောင်မြေဗောဓိသာသနာ့ ဓမ္မာရုံမှာ ဒီနေ့မနက်က စတင် ကျင်းပသွားပါတယ်။
၂ ရက်ကြာကျင်းပတဲ့ ဒီအစည်းအဝေးအတွင်း ရခိုင်ဒေသမှာ လတ်တလောကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေနဲ့ ရခိုင်တမျိုးသားလုံးရဲ့ အနာဂတ်အရေး၊ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးတွေအပေါ် အဓိကထား ဆွေးနွေးနေကြပါတယ်။
ဒီဆွေးနွေးပွဲကရလာမယ့် ရခိုင်လူထု သဘောထားတွေကို နိုင်ငံတော်သမ္မတကြီးနဲ့တကွ အဖွဲ့အစည်း အသီးသီးတွေကို တင်ပြသွားဖို့ ရည်ရွယ်ကြောင်း ညီလာခံပြန်ကြားရေးနဲ့ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးကိုကိုအောင်က ပြောပါတယ်။
“ဒီဒေသရဲ့ လူထု ဆန္ဒ သဘောထားတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင်ရော၊ နိုင်ငံတော် သမ္မတကြီး၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နာယကတို့၊ နောက်ကုလသမဂ္ဂတို့ပါ နားလည်အောင် ရခိုင်ဒေသ လူထုအစည်းအဝေးပွဲကို လုပ်တာပါ။ ကျနော်တို့ အခု လက်ရှိပြဿနာနဲ့ ဆိုင်ပါတယ်။ ရခိုင်လူထုအနာဂတ်ရေးအတွက်ပါ။”
အစည်းအဝေးပွဲမှာ ပြည်တွင်းပြည်ပ ရခိုင်လူမှုရေး၊ နိုင်ငံရေးနဲ့ ဘာသာရေးအဖွဲ့ အပါအ၀င်၊ မြို့နယ်အသီးသီးရဲ့ လူထုလူတန်းစားအဖွဲ့အစည်းတွေက ပေးပို့လာတဲ့ ထုတ်ပြန်ချက်နဲ့ သဘောထား၊ ညီလာခံက ဆွေးနွေးချက် စတာတွေကို စုစည်း သုံးသပ်ဖို့အတွက် ပညာရှင် ၉ ဦးပါ ဆုံးဖြတ်ချက်ကော်မတီကို အစည်းအဝေးမှာ ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။
ဒီနေ့မနက် ညီလာခံတက်ရောက်လာသူပေါင်း ၂ ထောင်ကျော်ရှိပြီး ဓမ္မာရုံအပြင်ဘက် ယာယီမဏ္ဍပ်နဲ့ ကျောင်းဆောင်တွေထဲက လူထုတွေအတွက် ညီလာခံဆွေးနွေးချက်တွေကို ဆလိုက်ရှိုးတွေကနေတဆင့် ပြသပေးခဲ့တယ်လို့ သိရပါတယ်။
ညီလာခံမတက်ရောက်နိုင်တဲ့ ပြည်တွင်းပြည်ပ ရခိုင်လူမျိုးများအနေနဲ့ အီးမေးလ်နဲ့ လူမှုရေး ကွန်ရက်တွေကနေတဆင့် ၀င်ရောက် ဆွေးနွေး အကြံပေးနိုင်တယ်လို့ ဆိုပါတယ်။
