ပြည်ထောင်စုနေ့အခမ်းအနားတက်ရန် အပစ်ရပ် ၁၀ ဖွဲ့ကို အစိုးရဖိတ်ကြား
နော်နိုရင်း
·
February 7, 2019
လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်မယ့် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ဖို့ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို အစိုးရဘက်က ဖိတ်ကြားထားတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။
“လာမယ့်ရက်အနည်းငယ်ဆိုရင် ပြည်ထောင်စုနေ့ ရောက်ပြီပေါ့နော်။ ပြည်ထောင်စုနေ့ ကို အစိုးရဘက်ကနေပြီးတော့ အပစ်ရပ်အန်စီအေလက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့ကို တရားဝင် ဖိတ်ကြားလွှာပေးပို့ထားပြီးဖြစ်ပါတယ်။ အဲတော့ အဲဒီအခမ်းအနားကိုလည်း တက်ရောက်နိုင်ဖို့ မျှော်လင့်တာပေါ့။ ဒီလိုတက်ရောက်တဲ့အပေါ်မှာလည်း ကျနော်တို့တွေ့ဆုံမှုတွေ ရှိဖို့လည်း ပြင်ဆင်ဖို့ ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။ ”
ဒီလိုဖိတ်ကြားချက်ကို လက်ခံရရှိထားပြီဖြစ်ပြီး ကော်မီတီဝင်တွေနဲ့ ပြန်လည် ဆွေးနွေးမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ပြောခွင့်ရသူကပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (အေကန်ယူ) အနေနဲ့ ပြည်ထောင်စုနေ့အခမ်းအနားတက်ဖို့ ဥက္ကဋ္ဌ စောမူတူးစေးဖိုးကိုသာ ဖိတ်ကြားထားတဲ့အတွက် ဥက္ကဋ္ဌသာ တက်ရောက်ဖို့ရှိတယ်လို့ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းကပြောပါတယ်။