Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း မြစ်ချောင်းအင်းအိုင်များအတွင်း တရားမဝင်ငါးဖမ်းသူများကို အရေးယူနေ
Aung Ko Latt
·
February 7, 2019
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းအင်းအိုင်တွေမှာ ခွင့်ပြုချက်မရှိတဲ့ တရားမဝင် ဘက္ထရီရှော့တိုက်၍ ငါးဖမ်းတာတွေအပြင် တခြားနည်းလမ်းတွေနဲ့ တရားမဝင် ငါးဖမ်းသူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ရေး စီမံချက်ရေးဆွဲကာ လုပ်ဆောင်နေတယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လယ်/ဆည်ဝန်ကြီး ဦးကမ်ဇာမုံက ပြောပါတယ်။ တရားမဝင် ဘက္ထရီရှော့တိုက်ငါးဖမ်းတာတွေကြောင့် တန့်ဆည်မြို့နယ်က လယ်တွေမှာ ပျက်စီးပြီး စပါးအထွက်နှုန်းတွေ လျော့ကျနေလို့ အရေးယူဆောင်ရွက်ပေးဖို့ကို ဒေသခံလွှတ်တော် ကိုယ်စားလှယ်က ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့မှာ မေးမြန်းခဲ့တာပါ။ တန့်ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက “အဓိကက ငါးရှဥ့်က ဈေးကောင်းတော့ ငါးရှဥ့်ပေါတဲ့လယ်တွေမှာ ဘတ္ထရီနဲ့ ရှော့တိုက်ဖမ်းကြတာ။ အဲလို ဖမ်းတော့ ပြေးတာ၊ လွှားတာ၊ နင်းတာ၊ ဖယ်တာနဲ့ စပါးပင်တွေက စစိုက်ကတည်းက ရိတ်ချိန်ထိ ဒဏ်တွေခံရတော့ ပျက်စီးတာတွေ ဖြစ်နေတာ။ ဘယ်လောက်ပျက်တယ်ဆိုတာတော့ ပြောဖို့ ခက်တယ်။ ဒါပေမယ့် နှစ်တိုင်းခံနေရတော့ တောင်သူတွေက အကူအညီတောင်းလာတဲ့အတွက် အခုလို မေးမြန်းတာပါ” လို့ ပြောပါတယ်။ တောင်သူတွေက အခုလို လယ်တွေထဲမှာ ငါးဖမ်းသူတွေကို ဝိုင်းဝန်းဖမ်းဆီးရင်လည်း ပြန်လည်ခုခံလို့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက် အစိုးရ ဖြေရှင်းပေးဖို့ တောင်းဆိုတာပါလို့လည်း ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေချိုငါးလုပ်ငန်း ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး ရေချိငါးလုပ်ငန်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို ၂၀၁၆ ခုနှစ်က လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းထားပါတယ်။ စစ်ကိုင်းတိုင်းမှာ ငါးသယံဇာတနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် တိုင်းအတွင်း ခရိုင် ၆ ခု၊ မြို့နယ် ၁၀ မြို့နယ်မှာ ငါးလုပ်ငန်းဦးစီးဌာနတွေကို ဖွင့်ထားကာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ မြစ်ချောင်းအင်းအိုင်တွေအတွင်း တရားမဝင် ငါးဖမ်းလို့ တရားစွဲမှု ၁၇ မှု၊ တရားခံ ၄၅ ဦးရှိခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ တရားစွဲမှု ၉ မှု၊ တရားခံ ၁၈ ဦးရှိခဲ့သလို၊ ၂၀၁၈-၁၉ ကာလတိုဘက်ဂျက်မှာ အမှု ၃ မှု၊ တရားခံ ၇ ဦးရှိခဲ့ကာ အခုဘဏ္ဍာနှစ် ၃လ အတွင်းမှာလည်း အမှု ၆ မှု၊ တရားခံ ၁၂ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ တိုင်းအတွင်း တရားမဝင် ငါးဖမ်းတာတွေ လျော့နည်းပပျောက်ဖို့ ငါးလုပ်ငန်းဦးစီးဌာန၊ ရဲ၊ ဒေသခံရေလုပ်သား၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ လင်းပိုင်ထိန်းသိမ်းရေး (WCS)၊ ဒေသခံအာဏာပိုင်၊ ပြည်သူတွေနဲ့ ပူးပေါင်းကာ စီမံချက်တွေရေးဆွဲပြီး ကွင်းဆင်းပညာပေးတာအပြင် စစ်ဆေးဖမ်းဆီး အရေးယူတာတွေ ရှိနေတယ်လို့ လယ်ဆည်ဝန်ကြီး ဦးကမ်ဇာမုံက ပြောပါတယ်။ ရေချိုငါးလုပ်ငန်းဥပဒေ အခန်း ၁၁၊ တားမြစ်ချက် ပုဒ် ၃၅ မှာလည်း မည်သူမျှ ရေချိုငါးလုပ်ငန်းရေပြင်တခုခုမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း၊ အဆိပ်အတောက်၊ ဓာတုပစ္စည်းနှင့် အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းနဲ့ငါးဖမ်းတာ၊ အကျိုးဖျက်ဆီးတာ၊ လျှပ်စစ်ရှော့တိုက်ငါးဖမ်းတာ၊ တားမြစ်ထားတဲ့ ငါးဖမ်းနည်း၊ ပစ္စည်းနဲ့ ဖမ်းတာ၊ တားမြစ်ကာလနဲ့ ဒေသမှာ ငါးဖမ်းတာ စတဲ့ တားမြစ်ချက်ကို ဖောက်ဖျက်ကျုးလွန်ရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ် ၃ သိန်းဖြစ်စေ၊ ၂ ခုလုံးဖြစ်စေ ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024