Home
မြန်မာသတင်း
မုဒုံတွင် ရာဘာမှိုင်းခံရုံ မီးလောင်မှုကြောင့် ကျပ်သိန်း ၁၈၀ ကျော်ဖိုးဆုံးရှုံး
DVB
·
February 7, 2019
မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက်၊ စိန်ချယ်လမ်း၊ ထိန်ကုန်းရပ်ရှိ ဦးအေးမောင်ရဲ့ ရာဘာမှိုင်းရုံမှာ ဖေဖော်ဝါရီ ၆ ရက် ညနေ ၃ နာရီခွဲလောက်က ရာဘာမှိုင်းခံရုံ ၈ ရုံ မီးလောင်ခဲ့လို့ ငွေကျပ် သိန်းရာနဲ့ ချီဆုံးရှုံးခဲ့တယ်လို့ မုဒုံမြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။ မုဒုံမြို့နယ် မီးသတ်တာဝန်ခံ ဦးမြင့်ဦးက “ရာဘာပြားတွေကို စံပယ်ခွံတွေနဲ့ မီးဖိုပြီးတော့ မှိုင်းခံတာပေါ့။ အဲ့ဒီကနေ မီးများပြီးတော့ ရာဘာပြားတွေကို မီးစွဲတာပါ။ သူက (မီးထိုးလုပ်သား) ဖွဲတွေကို လိုတာထက်ပိုပြီးတော့ အများကြီးထိုးလိုက်တဲ့အတွက်ကြောင့် ဖွဲကနေ မီးပွားပြီး ရာဘာပြားကို လောင်တယ်။” လို့ ပြောပါတယ်။ မီးလောင်မှုကို ခရိုင်နဲ့ ပြည်နယ်မီးသတ်ဦးစီးမှူးတို့ ကြီးကြပ်ကွပ်ကဲမှုနဲ့ မီးငြှိမ်းသတ်ယာဉ် ၁၄ စီး၊ ရေသယ်ယာဉ် ၆ စီး၊ စည်ပင်ရေသယ်ယာဉ် ၁ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့နဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး ညနေ ၄ နာမီ ၅၅ မိနစ်မှာ မီးငြိမ်းခဲ့တာပါ။ မီးလောင်မှုကြောင့် ၉ ပေ × ၁၈ ပေ သွပ်မိုးအုတ်ကာ ကွန်ကရစ် ရာဘာရုံ ၈ ရုံ၊ ရာဘာပြား ပေါင် ၂၄၀၀၀ လောက် ပျက်စီးခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁၈,၄၈၀,၀၀၀ ဆုံးရှုံးခဲ့ပါတယ်။ မုဒုံမြို့နယ်မှာ ရာဘာမှိုင်းခံရုံမီးလောင်မှုတွေဟာ နှစ်လအတွင်း သုံးကြိမ်အထိ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ရာဘာမှိုင်းခံရုံတွေ မီးလောင်မှုကြောင့် ငွေကျပ်သိန်း ၅၀၀ နီးပါး ဆုံးရှုံးခဲ့ရပါတယ်။ အခုမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရာဘာရုံပိုင်ရှင် ဦးအေးမောင်ရဲ့မီးထိုးလုပ်သား ဦးကျော်နိုင်စိုး(၄၂ နှစ်) ကို (ပ) ၆၄၂/ ပုဒ်မ ၂၅၈ နဲ့ မုဒုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားပါတယ်။ သတင်း- အာကာမင်း ဓာတ်ပုံ - Mon State Government office
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024