Home
မြန်မာသတင်း
အာသံနှင့်ကသည်း လက်နက်ကိုင်အဖွဲ့များ၏ စခန်းတခုနှင့်လက်နက်ခဲယမ်းများ တပ်မတော် သိမ်းပိုက်
DVB
·
February 7, 2019
အာသံနဲ့ ကသည်း လက်နက်ကိုင်အဖွဲ့တွေရဲ့ စခန်းတခုနဲ့ လက်နက်ခဲယမ်းတွေကို ထပ်မံ သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တကားကျေးရွာ အနီးတ၀ိုက်ရှိ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) စခန်းနဲ့ အနီးပတ်ဝန်းကျင်နေရာတွေမှာ အာသံနဲ့ ကသည်းလက်နက်ကိုင် အဖွဲ့အချို့ဟာ NSCN-K အဖွဲ့အသွင်နဲ့ ဖြန့်ခွဲအခြေပြုလှုပ်ရှားနေတာကြောင့် တပ်မတော်စစ်ကြောင်းတွေက ဇန်နဝါရီ ၂၉ ရက်ကစပြီး နယ်မြေရှင်းလင်းတာတွေ ဆောင်ရွက်ခဲ့ရာ အဲဒီအဖွဲ့တွေရဲ့ အခြေပြုရာ စခန်းအသီးသီးကို သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေလုံခြုံရေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့ကတော့ တကားကျေးရွာရဲ့ အနောက်ဘက်မီတာ ၁၆၀၀ လောက်အကွာရှိ လျှိုအတွင်း၌ သိုဝှက်ထားတဲ့ လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်ကလည်း အဆိုပါနေရာမှာ ကျည်အိမ်မျိုးစုံ အခု ၈၀ နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် တကားကျေးရွာရဲ့ အနောက်တောင်ဘက်မီတာ ၈၀၀၀ လောက်အကွာမှာ အဲဒီအဖွဲ့တွေ အခြေပြုခဲ့တဲ့ စခန်းတခုကိုလည်း ထပ်မံတွေ့ရှိ သိမ်းပိုက်ရရှိခဲ့ပါတယ်။ တပ်မတော်စစ်ကြောင်းများအနေနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေ ဝင်ရောက်စိမ့်ဝင်လှုပ်ရှားမှုတွေ မရှိစေဖို့နဲ့ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ရဲ့  ဌာနချုပ်ကို တပ်မတော်က ဇန်နဝါရီ ၂၉ ရက် မနက် ၁၁ နာရီလောက်ကစပြီး နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး ဝင်ရောက် နေရာယူထားလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024