Red Dot ကုမ္ပဏီ ပိတ်သိမ်းသွားတာကြောင့် ငွေကြေးဆုံးရှုံးသွားတဲ့ နစ်နာသူတွေစုပေါင်းပြီး ဥပဒေလမ်းကြောင်းအတိုင်း တိုင်ကြားသွားမယ်လို့ နစ်နာသူတွေက ပြောတယ်။
အွန်လိုင်းဖုန်းဘီလ်ရောင်းရောင်းချနေတဲ့ Red Dot Networkကုမ္ပဏီဟာ ဖေဖော်ဝါရီ ၁ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်တဲ့အပေါ် ကိုယ်စားလှယ်တွေအနေနဲ့ ငွေကြေးသိန်းနဲ့ချီဆုံးရှုံး မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
Red Dot ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဖုန်းအော်ပရေတာတွေနဲ့ ချိတ်ဆက်ပြီး ဖုန်းငွေဖြည့်ကတ်တွေကို Red Dot စက်တွေကတဆင့် ၂၀၁၃ ခုနှစ်ထဲမှာ စတင် ရောင်းချပေး ခဲ့တာပါ။
ကိုယ်စားလှယ်တွေက ရောင်းချတဲ့အခါမှာ ၂၀၁၈ခုနှစ် စက်တင်ဘာလလောက်ကစတင်ပြီး ဖုန်းငွေဖြည့်ကတ်တွေ ရောင်းချလို့မရတော့တာလို့ ဆိုပါတယ်။
ကုမ္ပဏီအနေနဲ့ ကိုယ်စားလှယ်တွေကို အချိန်စောင့်ဆိုင်းပေးဖို့ ချိန်းဆိုပေမယ့် ကုမ္ပဏီရုတ်တရက် ပိတ်သိမ်းသွားတဲ့အပေါ် ငွေကြေးသိန်းနဲ့ချီနစ်နာခဲ့တာကြောင့် ဥပဒေအတိုင်း တိုင်ကြားသွားမယ်လို့ နစ်နာသူခဲ့သူတဦးဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်က ကိုဝင်းထွဋ်ဦးက ပြောပါတယ်။
ကုမ္ပဏီရုတ်တရက် ဖျက်သိမ်းသွားတဲ့အပေါ် ငွေကျပ်သိန်းချီနစ်နာခဲ့တာကြောင့် ကုမ္ပဏီ ဘက်က တုန့်ပြန်ဆောင်ရွက်မှု အခြေအနေအပေါ် မူတည်ပြီး စုပေါင်းတိုင်ကြားတာမျိုးတွေ လုပ်မယ်လို့လည်း ပန်းဘဲတန်းမြို့ နယ်က ကိုမျိုးမင်းထွဋ်က ပြောပါတယ်။
Red Dot စက်တစ်လုံးကို ငွေကျပ် ၅ သောင်းကနေ ၇ သောင်းလောက်အထိ ပေးဝယ်ထားရသလို မြန်မာတပြည်လုံးအတိုင်းအတာနဲ့ Red Dot စက်အသုံးပြုသူပေါင်းဟာ ၂၀၀၀၀ ကျော်လောက်ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီစက်တွေကို ကုမ္ပဏီအနေနဲ့ ပြန်ယူတာမရှိသလို ကုမ္ပဏီမပိတ်သိမ်းခင်က စက်ထဲမှာ ထည့်ထားတဲ့ ငွေကြေးတွေလည်းရှိတာကြောင့် ကိုယ်စားလှယ်တဦးကို ငွေကျပ်တသိန်း ကနေ ငါးသိန်းလောက်အထိ နစ်နာမှုတွေရှိပါတယ်။
ဒီကိစ္စဖြေရှင်းပေးဖို့ Red Dot ကုမ္ပဏီ ရုံးချုပ်ကိုသွားရောက်စုံစမ်းပေမယ့်မရသလို ဆက်သွယ်ရမယ့် ဖုန်းနံပတ်ပေးထားပေမယ့်လည်း ကိုယ်စားလှယ်တွေဆက်သွယ်တဲ့အခါ စက်ပိတ်ထားတယ်လို့ ငွေသိန်းနဲ့ချီနစ်နာဆုံးရှုံးခဲ့တဲ့ ကိုယ်စားလှယ် ကိုဟိန်းဇော်က ပြောပါတယ်။
Red Dot ကုမ္ပဏီပိတ်သိမ်းသွားတာကြောင့် နေပြည်တော်မှာရှိတဲ့ စားသုံးသူရေးရာ ဦးစီးဌာနကို တိုင်းနဲ့ပြည်နယ်က ကိုယ်စားလှယ်တွေရဲ့တိုင်ကြားစာတွေ ဖေဖော်ဝါရီ ၅ ရက်နေ့ အထိ ၁၅ စောင် ရောက်ရှိလာတယ်လို့ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
Red Dot ကုမ္ပဏီကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင် လုပ်ငန်းပိတ်သိမ်းပြီး ကုမ္ပဏီနဲ့ပတ်သက်တဲ့ ကိစ္စအ၀၀ကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာဥပဒေအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်ဆိုပြီး ဒဂုံမြို့နယ် ယောမင်းကြီးလမ်းက York Centre မှာရှိတဲ့ ကုမ္ပဏီရုံးချုပ်မှာ စာထုတ်ပြန်ထားပါတယ်။
ကိုယ်စားလှယ်တွေရရှိမယ့် ငွေကြေးကိုလည်း သက်ဆိုင်ရာဥပဒေအဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေလို့ ဆက်သွယ်မယ့်အချိန်ကာလအထိ စောင့်ဆိုင်းပေးဖို့လည်း ကုမ္ပဏီက စာထုတ်ပြန်ထားပါတယ်။ Red Dot ကုမ္ပဏီက ဆက်သွယ်ရမယ့်ဖုန်းနံပတ်တွေကို ဒီဗွီဘီ သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းပိတ်ထားပါတယ်။