Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် ဆောက်လုပ်ရေးဌာနက အသုံးစရိတ်ကျပ် ၃၃ သန်း ကျော်ပိုမိုထုတ်ယူသုံးစွဲ
DVB
·
February 6, 2019
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ကရင်ပြည်နယ်ဘဏ္ဍာငွေကနေ ဆောက်လုပ်ရေးဌာနက အသုံးစရိတ်ကျပ် ၃၃ သန်း ကျော်ကို ပိုမိုထုတ်ယူသုံးစွဲထားတယ်လို့ ကရင်ပြည်နယ် စာရင်းစစ်ချုပ် ဦးစောလှထွန်းက ပြောကြားလိုက်ပါတယ်။ ကရင်ပြည်နယ်အတွင်းက ဌာနအဖွဲ့အစည်းတွေရဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ငွေအရသုံး ခန့်မှန်းခြေငွေစာရင်းနဲ့ စပ်လျဉ်းပြီး ၂၀၁၈ ဧပြီ ၁၇က်ကနေ ၂၀၁၉ ဇန်န၀ါရီ ၁၅ ရက်အထိ ပြည်နယ်စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြည်နယ်စာရင်းစစ်ချုပ်က ကရင်ပြည်နယ်လွှတ်တော်ကို ဖေဖော်ဝါရီ ၄ရက်နေ့က တင်သွင်းရာမှာ ထည့်သွင်းတင်ပြခဲ့တာကပါ။ ကရင်ပြည်နယ် စာရင်းစစ်ချုပ် ဦးစောလှထွန်းက “အသုံးစရိတ်မှာ ဘယ်အသုံးစရိတ်တွေကို ပိုထုတ်ထားသလား။ တည်ဆောက်ရေးတွေမှာ ပိုထုတ်ထားသလား။ အထူးသဖြင့် ဆောက်လုပ်ရေး အဖွဲ့အစည်း၊ အဲဒါတွေကို ကျနော်တို့က စစ်ဆေးတွေ့ရှိဖော်ထုတ်ပြီးတာနဲ့ တပြိုင်တည်း သူတို့တွေကို ဌာနဆိုင်ရာငွေထုတ်ဆီပြန်သွင်းခိုင်းပါတယ်။ ဒီကာလအတွင်းမှာ ၃၃ သန်းကျော်ကျော်ရှိတယ်။ ပြည်နယ်ဘဏ္ဍာငွေနဲ့”လို့ ပြောပါတယ်။ ဒီလိုပိုမိုထုတ်ယူသုံးစွဲထားတဲ့ ငွေတွေကို ပြန်သွင်းခိုင်းထားပြီး ဒီကာလအတွင်းမှာ ပြည်နယ် ဘဏ္ဍာငွေထဲကနေ အခုလိုထုတ်ယူသုံးစွဲထားတာ ၃၃ သန်းကျော်ရှိတယ်လို့ ကရင်ပြည်နယ် စာရင်းစစ်ချုပ် ဦးစောလှထွန်းက ပြောပါတယ်။ ဒီငွေတွေကို လမ်းပန်းဆက်သွယ်ရေးအတွက် ဦးစားပေးသုံးစွဲခဲ့ တာဖြစ်တယ်လို့ ကရင်ပြည်နယ် လွှတ်တော်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းကိုခိုင်ကပြောပါတယ်။ “ဆောက်လုပ်ရေးက ပိုတယ်ဆိုတာကလည်း ပိုချင်လို့ပိုတာမဟုတ်ဘူး။ ကျနော်တို့ဒေသ အခုငြိမ်းချမ်းလာတော့ ဒေသတွေမှာ သွားရေးလာရေးကအစ လမ်းတွေကလည်းလိုအပ်ချက်အရ အဆင့်မြှင့်တင်တော့ အဓိက လမ်းပန်းဆက်သွယ်ရေးကောင်းဖို့အတွက် ဘဏ္ဍာငွေမှာ လမ်းပန်း ဆက်သွယ်ရေးကိုဦးစား ပေးသုံးတယ်” ပြည်နယ် စာရင်းစစ်ချုပ်အစီအရင်ခံစာမှာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စာရင်းစစ်ရုံးတွေရဲ့ စစ်ဆေးတွေ့ရှိချက်အရ ဌာနဆိုင်ရာအဖွဲ့အစည်းတချို့ ပြည်နယ်ဘဏ္ဍာငွေတွေကို ပြန်လည်ပေး သွင်းဖို့ လည်း တင်ပြထားပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းအကောင်အထည်ဖော်မှု အခြေအနေအရ သာမန်ရငွေလျာထားချက်က ကျပ်သန်းပေါင်း ၂၁၀၀၀ ကျော်၊ အမှန်ရငွေ ကျပ်သန်းပေါင်း ၁၅၀၀၀ ကျော်၊ လျော့ရငွေ ကျပ်သန်းပေါင်း ၆၅၀၀ ကျော်၊ သာမန်အသုံးစရိတ်ခွင်ပြုငွေ ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော်၊ အမှန်သုံးငွေ ကျပ်သန်းပေါင်း ၁၆၀၀၀ ကျော်၊ ပိုလျှံငွေ ကျပ်သန်းပေါင်း ၂၀၀၀ ကျော် ဖြစ်ပါတယ်။ ငွေလုံးငွေရင်းရငွေလျာထားချက်ကတော့  ကျပ်သန်းပေါင်း၂ သန်းကျော်၊ အမှန်ရငွေ ကျပ်သန်းပေါင်း ၁၅ သန်းကျော်၊ ပိုရငွေ ကျပ်သန်းပေါင်း ၁၃ သန်းကျော်၊ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၇၅၀၀၀ ကျော်၊ အမှန်သုံးငွေ ကျပ်သန်းပေါင်း ၇၄၀၀၀ ကျော်၊ ပိုလျှံငွေ ကျပ်သန်းပေါင်း ၃၄၀ ကျော်ရှိတယ်လို့ စာရင်းစစ်ချုပ် အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024