ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီကို ထောက်ခံသည့်ဆိုင်းဘုတ် ပဲခူးမြို့တွင် စိုက်ထူမည်
DVB
·
February 6, 2019
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံတဲ့ ဆိုင်းဘုတ် ပဲခူးမြို့မှာ စိုက်ထူသွားမယ်လို့ ပဲခူးတိုင်း အန်အယ်လ်ဒီက ပြောပါတယ်။
ပြည်သူတရပ်လုံး လိုလားတောင်းတနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထု ထောက်ခံပွဲ ဆိုင်းဘုတ်စိုက်ထူနိုင်ရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက် ညနေက ပဲခူးမြို့ သီရိဟံသာခန်းမမှာ ကျင်းပခဲ့ပါတယ်။
အဲဒီဆွေးနွေပွဲကို ပဲခူးတိုင်းအန်အယ်လ်ဒီပါတီက ဦးဆောင်တာဖြစ်ပြီး ပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ စိတ်ဝင်စားသူ ပြည်သူ ၂၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။
ပဲခူးတိုင်း အန်အယ်လ်ဒီ အတွင်းရေးမှူး ဦးကျော်ဝင်းက “အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ကြိုဆိုထောက်ခံတာဟာ ပထမအဆင့် ဆောင်ရွက်တာဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်မှာဆွေးနွေးမယ့် ပူးပေါင်းကော်မတီရဲ့ လုပ်ဆောင်မယ့်အချက်တွေ အကြပ်အတည်း တွေအပေါ်မူတည်ပြီးတော့ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အနေအထားမျိုးဖြစ်လာအောင် ဒုတိယအဆင့် ဆောင်ရွက်မှာဖြစ်တယ်”လို့ ပြောပါတယ်။
အဲဒီဆွေးနွေးပွဲဆုံးဖြတ်ချက်အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ပြည်ထောင်စု လွှတ်တော်ပူးပေါင်းကော်မတီကို ၀န်းရံထောက်ခံကြပါစို့ဆိုတဲ့ စာသားပါတဲ့ဆိုင်းဘုတ်ကြီးကို ၁၀ ပေ ၊ ပေ ၄၀ အရွယ်အစားပြုလုပ်မှာပါ။
အဲဒီဆိုင်းဘုတ်ကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရဲ့ထောင့် နေရာမှာ စိုက်ထူသွားဖို့ အစီအစဉ်ရှိပါတယ်။
အောင်စိုးမိုး