ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲတွင် ကယန်း မဟုတ်သူ ကယန်းဝတ်စုံဝတ်သဖြင့် ကန့်ကွက်
ပိုင်စိုး
·
February 4, 2019
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲမှာ ကယန်း မဟုတ်သူ ကို ကယန်းဝတ်စုံဝတ်ပြီး ပါဝင်စေခဲ့တာကြောင့် သက်ဆိုင်ရာ မျိုးနွယ်စု ကော်မတီက အစိုးရကို ရှုတ်ချလိုက်ပါတယ်။
ကယန်းတိုင်းရင်းသား မျိုးနွယ်စုတွေဖြစ်တဲ့ လထာနဲ့ ကခေါင်းမျိုးနွယ်စုဝတ်စုံတွေ ဝတ်ဆင်ပြီး ပါဝင်ခဲ့တာပါ။
ဒီအပေါ်မှာ ကယန်းလထာမျိုးနွယ်စု ဗဟိုကော်မတီက ပြည်နယ်အစိုးရအနေနဲ့ သူတို့ရဲ့ သဘောထားဆန္ဒမပါဘဲ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေကို အသုံးချနေတာဟာ တိုင်းရင်းသား လူမျိုးရဲ့ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်နေတာဖြစ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။
ဗဟိုကော်မတီဝင် ခွန်ထက်စိုးက “ကယန်း လထာ တချို့ကတော့ ပါတယ်။ ဒါပေမယ့် ကယန်း လထာ မဟုတ်သူတွေကလည်း လထာဝတ်စုံဝတ်ပြီး ပါနေတာ တွေ့တယ်။ ပြီးတော့ ကယန်းမျိုးနွယ်စုထဲက ဖြစ်တဲ့ ကခေါင်းဝတ်စုံဝတ်ပြီး ပါနေတာကို တွေ့ရတယ်” လို့ ပြောပါတယ်။
ဒီအပေါ်မှာ တရားဝင် ကန့်ကွက်သွားဦးမယ်လို့လည်း သူက ဆိုပါတယ်။
ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက “ဝတ်စုံထက် ဒီနေရာမှာ အရေးကြီးတာက လူမျိုးပေါင်းစုံ ပါဝင်မှုဆိုတဲ့ Identity ကို လုပ်တာက အလွန် မသင့်တော်တဲ့ လုပ်ရပ်ပါ။ တိုင်းရင်းသား အားလုံးက ထောက်ခံတယ်ဆိုတဲ့ ပုံစံမျိုး ဖန်တီးတာ မဖြစ်သင့်ဘူး။ အထူးသဖြင့် နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အသုံးချတာပေါ့။ ဗဟိုချုပ်ကိုင်မှုတွေနဲ့ လိုရာကို ဆွဲသုံးတာမျိုကို ရပ်တန်းက ရပ်သင့်ပါပြီ” လို့ ပြောပါတယ်။
ကယန်းတိုင်းရင်းသားထဲမှာ လထာ၊ ကဲဒေါ့၊ ကခေါင်းနဲ့ ကငန်(ယင်းဘော်) ဆိုပြီး မျိုးနွယ်စု ၄ ခု ရှိပါတယ်။
ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ ပြည်နယ်အစိုးရက ပြီးခဲ့တဲ့နှစ်ကပဲ စီစဉ်ခဲ့ပြီး အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေက ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီနောက် ကန့်ကွက်သူတွေ၊ ကယားပြည်နယ် သမိုင်းကြောင်းဖြန့်ဝေသူတွေ ဖမ်းဆီး တရားစွဲခံခဲ့ရသလို အခု ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကြေးရုပ်မထားဖို့ ထိုင်သပိတ်ဆင်နွှဲတဲ့ လူငယ် အယောက် ၂၀ ကို တရားစွဲဆို ထားပါတယ်။