
ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ ဆေးခြောက်ပင်ကနေ တဆင့်ပြုလုပ်ထားတဲ့ အ၀တ်အထည်တွေကို ဌာနေတိုင်းရင်းသားတွေက လုပ်ဆောင်ပြီး ဆေးဘက်ဝင်အနေနဲ့ ၀တ်ဆင်ကြပါတယ်။
များသောအားဖြင့် ကချင်မျိုးနွယ်စုထဲက ရ၀မ်ရိုးရာအထည်ကနေ အဲဒီ ဆေးခြောက်ပင် လျှော်ပင်နဲ့ ပြုလုပ်ထားတဲ့ အ၀တ်အထည်ကို ဆေးဘက်ဝင်အနေနဲ့ ၀တ်ဆင်ကြတယ်လို့ ဒေါ်ရားဝမ်ကင်းက ပြောပါတယ်။
“ဒါက ရ၀မ်ရိုးရာအင်္ကျီ၊ အသက်ရှည်ဆေးလို့လည်းပြောတယ်။ ကျန်းမာရေးကောင်းတယ်။ အကိုက်အခဲပျောက်တယ်။ လေရောဂါတွေပျောက်တယ်။ လေမဖြတ်ဘူးပေါ့။ ကျီးပေါင်းရောဂါတွေ ပျောက်တယ်။ အရင်တုန်းကဆိုရင်တော့ ဒါမျိုး တထည်ဆိုရင် တယောက် တသက်စာဖြစ်သွားပြီ။
“ဒီလိုအင်္ကျီအမြဲဝတ်လာတဲ့ ရ၀မ်လူမျိုးတွေဆိုရင် ဘာဆေးမှမသုံးဆောင်ဘဲ အသက် ၁၀၀ ကျော်အထိ နေထိုင်နိုင်ကြတယ်လို့လည်း ပြောပါတယ်။
ဒါပေမယ့် ဒီလိုရိုးရာ အင်္ကျီယက်လုပ်နိုင်ဖို့ ဆေးခြောက်ပင်ကို လွတ်လွတ်လပ်လပ်စိုက်လို့မရ တော့သလို တခါတလေရာသီဥတုကြောင့် အဆင်မပြေမှုတွေ ရှိတယ်လို့လည်း ဒေါ်ရားဝမ်ကင်းက ပြောပါတယ်။
“အခုက ကြိုက်သလို စိုက်လို့မရတော့ဘူး။ ဘိန်းစားတွေများလာတယ်။ အရွက်ကိုလေ အခြောက်လုပ်ပြီး ဘိန်းမရတဲ့အခါကျတော့ အဲဒါကိုသောက်တယ်။ အဲဒါကြောင့် အခု မစိုက်ခိုင်းဘူး။ အဲဒါ ယဉ်ကျေးမှုအဖွဲ့ကနေ လက်မှတ်ယူပြီးမှ နည်းနည်းများများ စိုက်ချင်တယ်ဆိုပြီးမှ စိုက်ရတာ။ အခုက အဘွားကြီးတွေက နည်းနည်းပါပါးစိုက်တဲ့ဟာကို ဒီလိုလပ်ရတာ။ အဲဒါကြောင့် ပိုရှားပြီးမှ ပိုဈေးကြီးသွာတာ။ လိုချင်တိုင်းလည်းမရဘူး။”
အင်္ကျီတထည်စာ ယက်လုပ်ပြီးတဲ့ ဆေးခြောက်လျှော်ချည်တထည်ကို ၆ သောင်းလောက် အထိ ပေးဆောင်ဝယ်ယူရပြီး လိုချင်တိုင်း မရဘူးလို့လည်း ပြောပါတယ်။
အဆိုပါအထည်ကို ပြုလုပ်ရပုံကတော့ ဆေးခြောက်ပင် တနှစ်တခါသာ စိုက်ပျိုးရပြီး အဲဒီဆေးခြောက်ပင်ကို အရင်ဆုံးခုတ်ပြီး အခွံခွာရပါတယ်။ ခွာလို့ရတဲ့ အခွံကို အမျှင်ဖြစ်အောင် အရင်လုပ်ရပါတယ်။ ပြီးရင်တော့ ဆန်ပြုတ်ရည်ပူပူနွေးနွေးထဲစိမ်ပြီး နေပူလှမ်းထားရပါတယ်။ အဲဒီလှမ်းထားတဲ့ လျော်တွေကို အမျှင်သေးသေးလေးဖြစ်အောင် ပြန်ထွင်းယူပြီး နေပူပြန်လှန်းထားရပါတယ်။ နေပူလှန်းပြီးရင်တော့ အ၀တ်အထည်ယက်လုပ်နိုင်တဲ့ ချည်ဖြစ်သွား ပါတယ်။ အဲဒီအချိန်မှာတော့ မိမိလိုချင်တဲ့ အ၀တ်အထည်အတိုင်း ယက်လုပ်နိုင်တယ်လို့ ဒေါ်ရားဝမ်ကင်းက ရှင်းပြပါတယ်။








