DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးနေ့ လှုပ်ရှားသူများကို အမှုဖွင့်အရေးယူ
DVB
·
September 23, 2012
ငြိမ်းချမ်းရေးနေ့ လှုပ်ရှားသူများကို အမှုဖွင့်အရေးယူ
Donate to DVB

ရန်ကုန်နဲ့ အခြားမြို့နယ်တချို့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားသူတွေကို သက်ဆိုင်ရာရဲစခန်းတွေက အမှုဖွင့်အရေးယူထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်သူတချို့ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်အရေးယူထားတာပါ။

မျိုးဆက်သစ်လူငယ်များအဖွဲ့ဝင် ကိုမိုးသွေးက “လမ်းလျှောက်ပွဲကို စစီစဉ်ခဲ့တဲ့ မိုးသွေး၊ ကျော်ကျော်ဘို၊ မဖွေးယုမွန်၊ မခင်စန္ဒာညွန့်။ ကျော်ကျော်ဘိုနဲ့ ကျနော်က GW အဖွဲ့ကလည်းဖြစ်သလို ဒီ ၄ ယောက်လုံးက ငြိမ်းချမ်းရေးကွန်ရက်ရဲ့ တာဝန်ခံတွေဖြစ်ပါတယ်။ နောက် ကချင်ငြိမ်းချမ်းရေးကွန်ယက် ကိုကျော်ဂွန်း၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ မမေမစံပယ်ဖြူ။ သူတို့က အလှပြကားနဲ့ ငြိမ်းချမ်းရေးသီချင်းတွေ သီဆိုပြီး ဖျော်ဖြေတာဖြစ်ပါတယ်။ သူတို့ကိုလည်း အမှုဖွင့်ထားပါတယ်။ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုဝေဠု၊ နောက် လယ်သမားအခွင့်အရေးလှုပ်ရှားနေတဲ့ ဦးဝင်းချို၊ သူတို့ကိုလည်း အမှုဖွင့်ထားပါတယ်။ အောင်ပန်းမြို့မှာတော့ ကိုဘိုဘိုဟန်ကို ငြိမ်းချမ်းရေးနေ့စုဝေးတဲ့အတွက် အမှုဖွင့်ပြီး အာမခံနဲ့ပြန်လွှတ်ပေးထားတယ်။ တောင်ကြီးမှာက ကိုအောင်သူ၊ ကိုနေမျိုးတို့ကို ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်တဲ့အတွက် အမှုဖွင့်ထားတယ်။ နောက် ပြည်မြို့မှာ ဆရာတော်တပါးကို ငြိမ်းချမ်းရေးနေ့နဲ့ပတ်သက်လို့ အခမ်းအနားကျင်းပတဲ့အတွက် အမှုဖွင့်ထားတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

သူတို့တတွေဟာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာ ဆူဆူပူပူလုပ်ခဲ့တာ မဟုတ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကောင်းမြတ်တဲ့အလုပ်ကို လုပ်ခဲ့တာဖြစ်လို့ အပြစ်မရှိတဲ့ အကြောင်းနဲ့ အခုလို အမှုဖွင့်တာကိုလည်း လက်မခံတဲ့အကြောင်း တရားဥပဒေကြောင်းအရ ပြန်လည်ရင်ဆိုင်သွားမှာ ဖြစ်ကြောင်း ကိုမိုးသွေးက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က ရန်ကုန်မြို့မှာ မော်တော်ယာဉ်နဲ့ လှည့်လည်သီဆို ဖျော်ဖြေခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကလည်း ဒီနေ့ သူ့ကို ရန်ကုန်တိုင်းထဲက မြို့နယ် ရဲစခန်း ၆ ခုက ခေါ်ယူစစ်ဆေးနေတယ်လို့ ပြောပါတယ်။

“ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်တရားစွဲဆိုသည်ဖြစ်၍ တရားရုံးကဆင့်ခေါ်သည့်ရက်တွင် ခေါ်ဆောင်ပါက လာရောက်ရင်ဆိုင်ပါမည်ဟု ခံဝန်ကတိထိုးပါဆိုတော့ ထိုးပေးခဲ့တယ်။ ကျနော်တို့ကားဖြတ်မောင်းတဲ့ မြို့နယ်တွေက စွဲတယ်။ ကျနော်တို့ ရပိုင်ခွင့်၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အရ တရားဝင် လျှောက်ထားတယ်။ ခွင့်မပြုတာဘာကြောင့်ဆိုတာလည်း ရေရေရာရာ ပြန်ပြောခြင်းမရှိဘူး။ ၂၁ ရက်နေ့ပြမယ်ဆိုပြီး လျှောက်ထားပေမယ့် ခွင့်မပြုဘူးဆိုပြီး ပြန်ချပေးတဲ့အချိန်မှာ နောက်ထပ် ၅ ရက် ကြိုလျှောက်လို့ အချိန်မမီတော့ပါဘူး။ ငြိမ်းချမ်းရေးနေ့ကို နောက်ဆုတ်ပြီးရွှေ့ကျင်းပလို့မရပါဘူး။ ကျနော်တို့အချိန်ကိုက် လျှောက်ထားတယ်။ သူတို့ခွင့်မပြုတာပါ။ ကျနော်တို့ဘက်က ၀ိနည်းလွတ်ပါပြီ။

“အကြမ်းဖက်ခြင်းမရှိတဲ့ ဆန္ဒဖော်ထုတ်ပွဲကို ငြိမ်းချမ်းစွာနဲ့ ကျင်းပလို့ အောင်မြင်ပြီးသွားပြီ။ ထွက်လာတဲ့ ဘေးထွက် အကြောင်းကိုကြည့်ပြီး ဘေးဖြစ်သလား၊ နိုင်ငံတော်နိုင်ငံသားတွေရဲ့ အနာဂတ်အတွက် ခြိမ်းခြောက်မှုတွေဖြစ်သလား ကြည့်စေချင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းပြီးသွားတယ်၊ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ အောင်အောင်မြင်မြင် ပြီးသွားတယ်။ ဒါကို ဆင့်ခေါ်ပြီး ကြီးကြီးကျယ်ကျယ်နဲ့ လက်မှတ်တွေထိုးခိုင်း၊ ရဲကလာခေါ် လုပ်တာကတော့ မြန်မာ့တရားစီရင်ရေးမဏ္ဍိုင်ကို နိုင်ငံတကာကလှောင်ပြောင်ချင်စရာဖြစ်တယ်လို့ သုံးသပ်ချင်တယ်။ တကယ်က မဖြစ်သင့်တော့တဲ့ အခြေအနေပါ။”

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကတော့ ခွင့်ပြုချက်မရဘဲ စီတန်းလမ်းလျှောက်ခဲ့တဲ့ သူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ စက်တင်ဘာ ၂၁ ရက်နေ့က တရားဝင်ထုတ်ဖော်ပြောဆိုထားတာပါ။

အခု အမှုဖွင့်ခံထားရသူတွေကလည်း သူတို့ ကြိုတင်ခွင့်ပြုချက်တောင်းပေမယ့် အကြောင်းအမျိုးမျိုးပြပြီး ခွင့်ပြုချက်မပေးခဲ့တဲ့အကြောင်းနဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဆိုတာကလည်း ရွှေ့ဆိုင်းပြီး ကျင်းပလို့ မဖြစ်တာကြောင့် အခုလို လှုပ်ရှားဆောင်ရွက်ခဲ့တာလို့ ဆိုကြပါတယ်။

ဒီအပေါ်မှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက “အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဆိုတာ ၁ ရက်တည်းပဲ။ ဒါကို နည်းလမ်းတကျ ခွင့်ပြုချက်တောင်းတာကို ခွင့်မပြုရင် ငြိမ်းချမ်းရေးလည်း ဆန္ဒမပြနဲ့ဆိုတော့ ဥပဒေကိုတော့ ကျနော်တို့လိုက်နာဖို့တော့ ရှိတာပေါ့၊ ဥပဒေကို မတရားဘူး တရားတယ်ပြောခွင့်မရှိဘူး။ ဒါပေမယ့် ဥပဒေကတော့ မျှမျှတတမရှိဘူး။ ဥပဒေမှာကိုက အားနည်းချက်ရှိနေတယ်။ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြချင်တယ်၊ ခွင့်မပြုဘူး။ အယူခံဖို့လည်း အချိန်ကမရတော့ဘူး။ သူတို့ဘာသာလမ်းလျှောက်လိုက်တယ်။ ဒါကို အရေးယူမယ်ဆိုရင် ဒါဟာ ရာဇ၀တ်ပြစ်မှုတခုကို သိသိနဲ့ကျူးလွန်တာ မဟုတ်ဘူးဗျ။ ဒါကို အရေးယူမယ်ဆိုရင် နည်းနည်းလေး နစ်နာတယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ရန်ကုန်၊ မန္တလေးနဲ့ မြို့နယ်တချို့မှာ ကျင်းပခဲ့ကြပြီး၊ ရန်ကုန်မြို့မှာတော့ ထောင်နဲ့ချီတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေဟာ မြို့နယ်အတော်များများကို ဖြတ်သန်းစီတန်းလှည့်လည် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013