နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် ကော်မတီဖွဲ့စည်း
အေးနိုင်
·
September 23, 2012
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ (ယာယီ) ကို ဒီနေ့ ရန်ကုန်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်ရဲ့အမြုတေကို ဒီလဆန်း ၈ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ဒီနေ့မှာ ဖြစ်မြောက်ရေးကော်မတီတရပ် ဖွဲ့စည်းခဲ့တာပါ။
ဖြစ်မြောက်ရေးကော်မတီ (ယာယီ) ကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး စီမံရေး၊ ဘဏ္ဍာရေးနဲ့ ပြန်ကြားရေးစသဖြင့် အဖွဲ့ ၅ ဖွဲ့ ဖွဲ့စည်းပါတယ်။
စီမံရေးရာအဖွဲ့တာဝန်ခံ ကိုညိုထွန်းက “ဖွဲ့ရခြင်းရည်ရွယ်ချက်က နှစ်ချက်။ ပထမတချက်က အမျိုးသားရေးကိစ္စနဲ့ပတ်သက်ရင်၊ ပြည်သူရဲ့ လူမှုရေးရာ ကိစ္စတွေနဲ့ ပတ်သက်ရင် ကူညီဖို့အတွက်။ ဒုတိယတချက်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ မိသားစုတွေ၊ ဆွေမျိုးတွေရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေကို ကူညီဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့တယ်” လို့ ပြောပါတယ်။
ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ လွတ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ လူမှုဘ၀ကို မြှင့်တင်ဖို့၊ ပြည်သူတွေရဲ့ လူမှုရေးလိုအပ်ချက်ကို တဖက်တလမ်းက ဖြည့်ဆည်းပေးဖို့၊ မြန်မာ့လူ့ဘောင်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ဖို့ စတာတွေကို အခြေခံမူအဖြစ် သတ်မှတ်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်ဟာ ရုံးခန်းအတည်တကျ ဖွင့်လှစ်ပြီး အင်္ဂလိပ်စာ၊ ကွန်ပျူတာနဲ့ အင်တာနက်သုံးစွဲနည်း စတာတွေအပါအ၀င် သင်တန်းတွေ ပေးသွားပြီး တနိုင်ငံလုံးထိကျယ်ပြန့်အောင် ဆင့်ပွားသင်တန်းတွေပေးဖို့ ရည်ရွယ်တယ်လို့ ကိုညိုထွန်းကပြောပါတယ်။
လာမယ့်ဒီဇင်ဘာမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ ညီလာခံကျင်းပဖို့ စီစဉ်ထားတယ်လို့ ကိုညိုထွန်းက ပြောပါတယ်။
“တနိုင်ငံလုံးကို အချိတ်အဆက်လုပ်တဲ့အခါမှာ အသင်းအဖွဲ့တွေအားလုံးကိုလည်း ညီအစ်ကိုတော်အဖွဲ့ပေါ့။ အခုဆိုရင် ကွန်ရက်တွေက လာတယ်။ ၈၈ မျိုးဆက်ကျောင်းသားဟောင်းများအဖွဲ့က ကိုယ်စားလှယ်လာတယ်၊ အကုန်လုံးက ညီကိုတော့ အဖွဲ့တွေပါပဲ။ အားလုံးပေါင်းပြီး လုပ်ကြမှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် တနိုင်ငံလုံးကို တနင်္သာရီတခုပဲ ကျန်တော့တယ်။ လာမယ့်တပတ်အတွင်းမှာတော့ ချိတ်မိပါလိမ့်မယ်။ ပြီးရင် ဒီဇင်ဘာနောက်ဆုံးထားပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ညီလာခံကြီး ခေါ်ပါ့မယ်။ အဲဒီညီလာခံကနေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်ကို အတည်ဖွဲ့မှာပါ။”
မြန်မာနိုင်ငံရေးမှာ အယူအဆမတူသူတွေကို အုပ်ချုပ်သူအာဏာပိုင်တွေက ဖမ်းဆီးချုပ်နှောင်ထောင်သွင်း အကျဉ်းချထားခံရတဲ့ နိုင်ငံရေးအကျဉ်းသားအရေ အတွက်ဟာ တပ်မတော်အစိုးရလက်ထက်မှာ မြင့်မားသလို နှစ် ၁၀၀ ကျော်ထိ ထောင်ဒဏ်တွေ စီရင်ခဲ့တဲ့အတွက် မိသားစုတွေရဲ့ဘ၀တွေ ယိုင်နဲ့ပျက်စီးခဲ့ပါတယ်။
အခုချိန်ထိ အစိုးရက နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ပြောဆိုပြီး ရာဇ၀တ်အကျဉ်းသားလို့သာ အသိအမှတ်ပြုထားဆဲဖြစ်ပါတယ်။