Home
မြန်မာသတင်း
မြိတ်မြို့၊ ဆိပ်ငယ်ဈေး အဆင့်မြင့်တည်ဆောက်မည့်အစီအစဉ် ဈေးသူ/သားများ ကန့်ကွက်
DVB
·
February 3, 2019
51679352_1522158464594934_7269605217929265152_o
မြိတ်မြို့ ဆိပ်ငယ်ဈေးအား စည်ပင်သာယာရေးမှ ဦးဆာင်ကာ အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်ပေးမယ့် အစီအစဉ်ကို ဈေးသူ/သားတွေက သဘောမတူဘူးလို့ သိရပါတယ်။ မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဆိပ်ငယ်ဈေးကြီးကို အဆင့်မြင့်ဈေးအဖြစ် ပြန်လည်တည်ဆောက်ပေးဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး စည်ပင်က ဖေဖော်ဝါရီ ၃ ရက်နေ့က မြိတ်မြို့ ပုလဲရတနာခန်းမမှာ ဈေးသူ/သား တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ “မြိတ်မြို့မှာ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးကြီး ၆ ဈေးနဲ့ ပျံကျဈေး ၁၅ ဈေးရှိပါတယ်။ ဆိပ်ငယ်ဈေးကြီးမှာ ဆိုင်ခန်းပေါင်း ၁၅၀၃ ခန်းရှိပါတယ်။ ကျနော်တို့သွားမယ့် ပုံစံက ဈေးသူ/သား များရဲ့ဆန္ဒ သဘောထားနှင့်သွားမှာပါ။ သဘောမတူရင် ကျနော်တို့ ရှေ့ဆက်ဆောင်ရွက်ဖို့ မရှိပါဘူး” လို့ မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပါတယ်။ ဆန္ဒသဘောထားကောက်ယူပြီး မဲပေးမယ့်အစီအစဉ်ကိုလည်း ဈေးသူ/သားတွေက ငြင်းဆန်ခဲ့ပြီး ဈေးကိုသာ ပြန်လည်မွမ်းမံမယ့်အစီအစဉ်ကို လက်ညှိုးထောင် မဲခွဲခဲ့ကြကြောင်း သိရပါတယ်။ “ဈေးကြီးကို အဆင့်မြင့်တင်ခြင်း ဆိုတဲ့စကားတခွန်းအပေါ်မှာ နှစ်ထပ်ဆောက်မလား၊ သုံးထပ်ဆောက်မလား ဆိုတဲ့အပေါ် ဈေးသူ/သားတွေ စိုးရိမ်စိတ်ဖြစ်နေတယ်။ အဆင့်မြှင့်တင်ခြင်း အသုံးအနှုန်းမဟုတ်ဘဲ ပြန်လည်မွန်းမံခြင်းလို့ သုံးလိုက်ရင် ဈေးသူ/ဈေးသားတွေရဲ့ စိုးရိမ်စိတ်တွေ ပြေလျှော့နိုင်လိမ့်မယ်" လို့ ဆိုင်ခန်းပိုင်ရှင် ဦးခင်မောင်သန်းက ပြောပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက စတင်တည်ရှိခဲ့တဲ့ ဆိပ်ငယ်ဈေးကြီးဟာ မြို့လယ်ခေါင်မှာ တည်ရှိပေမယ့် ဈေးအမိုးတွေပေါက်ပြဲတာ၊ လေ၀င်လေထွက် မကောင်းတာ၊ တထပ်တည်းသာ တည်ရှိနေတဲ့အတွက် စည်ပင်က ပြန်လည်ပြုပြင်ဖို့ စီစဉ်ပေးပေမယ့် ဈေးသူ/သားတွေက သဘောတူညီခြင်းမရှိခဲ့ပါဘူး။ ဈေးသူ/သားတွေက ဈေးအမိုးလဲပေးတာ၊ အိမ်သာပြုပြင်ပေးတာ၊ မီးဘေးအန္တရာယ် ကာကွယ်ပေးတာနဲ့ ရေစီးရေလာ ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့သာ တောင်းဆိုခဲ့ပြီး အဆင့်မီတည်ဆောက်တာကို သဘောမတူခဲ့ကြောင်း သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024