ယာဉ်တစီး ချောက်ထဲထိုးကျမှုကြောင့် ၁ ဦးသေ ၁၂ ဦး ဒဏ်ရာရ၊ ယာဉ်မောင်းထွက်ပြေး
DVB
·
February 3, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မှာ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာအနီး ရေဦး-ကလေးဝကားလမ်း မိုင်တိုင်(၄၇/၇) မှာ ဖေဖော်ဝါရီ ၁ ရက် ည ၈ နာရီခွဲလောက်က အောင်နိုင်(စိစစ်ဆဲ)မောင်းနှင်ပြီး မြအောင်အောင်ဆိုင်းအဖွဲ့မှ ၂၄ ဦး (ကျား ၂၀၊ မ ၄)တို့ လိုက်ပါလာတဲ့ 3B/×××× ဒိုင်နာယာဉ်ဟာ ကုန်းအတက် နောက်ပြန်လျောကျကာ လမ်းဝဲဘက်အနက် ၅၀ ပေလောက် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
ယာဉ်မောင်းဖြစ်သူ ထွက်ပြေးသွားခဲ့ပြီး ယာဉ်တိမ်း မှောက်မှုကြောင့် ဦးမြငွေ (စိစစ်ဆဲ)၊ မန်ကျည်းဇောက်ကျေးရွာ၊ ဒီပဲယင်းမြို့နယ်နေသူ နဖူး/ယာ လက်ပွန်းပဲ့ပေါက်ပြဲဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မစိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့တဲ့ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၂ ဥိးတို့ကို ကံထူးမတိုက်နယ်ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။
ယာမောင်း အောင်နိုင် (ဖမ်းဆီးရမိမှုမရှိသေး) အား ကံထူးမနယ်မြေရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု) တို့နဲ့ အမှုဖွင့်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။