Home
မြန်မာသတင်း
တရုတ်သင်္ဘောသားများကိုသတ်မှု စိုင်းနော်ခမ်း ငြင်းဆို
ပီတာအောင်
·
September 21, 2012
မဲခေါင်မြစ်အတွင်း တရုတ်သဘောင်္သား ၁၃ ဦးကို ပစ်ခတ်သတ်ဖြတ်မှု သံသယနဲ့ ဖမ်းဆီးစွပ်စွဲ ခံထားရတဲ့ မြန်မာနိုင်ငံက မူးယစ်ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းက  စွပ်စွဲချက်ကို ငြင်းဆိုလိုက် ပါတယ်။ စိုင်းနော်ခမ်း  အပါအ၀င်  လူသတ်မှုနဲ့ မူးယစ်ဆေးဝါးမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရသူ ၆ ဦးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော်ကူမင်း ပြည်သူ့တရားခုံရုံးမှာ စက်တင်ဘာ ၂၀ ရက်နေ့ကစပြီး ၃ ရက်ကြာ စစ်ဆေးစဉ်မှာ နော်ခမ်းက ထွက်ဆိုခဲ့တာပါ။ [caption id="attachment_31151" align="alignleft" width="300" caption="စိုင်းနော်ခမ်းနှင့်အတူ ဖမ်းဆီးခံထားရသူ ၆ဦးအား ကူမင်းပြည်သူ့တရားခုံရုံးမှာ စစ်ဆေးစဉ်"][/caption] တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြချက်အရ  တရားရုံးမှာ စိုင်းနော်ခမ်းက ဖြောင့်ချက်ပေးရာမှာ တရုတ် သင်္ဘောသားတွေကို ပစ်ခတ် တိုက်ခိုက်မှုကို အဲဒီအချိန်တုန်းက မသိရှိခဲ့တဲ့အကြောင်း၊ သူ့ရဲ့အဖွဲ့ဝင် ဂိုဏ်းသားတွေက သူ့ကို ပြောဆိုခဲ့တာ မရှိတဲ့အကြောင်းနဲ့ တိုက်ခိုက်မှုဖြစ်ပြီးမှ အကြောင်းကြားခဲ့တယ်လို့ ထွက်ဆိုသွားပါတယ်။ အသက် ၄၀ ကျော် အရွယ် စိုင်းနော်ခမ်းအပါအ၀င် သံသယ ရှိသူ  ၆ ဦးကို လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ မှောင်ခိုကူးမှု၊ ပြန်ပေးမှုနဲ့ သင်္ဘော ဓားပြတိုက်မှု သံသယတွေနဲ့ တရုတ် အစိုးရက  စွဲချက်တင်ထားတာပါ။ တရားလိုရှေ့နေတွေက မျိုးဗီဇ ဒီအန်အေ စစ်ဆေးထားတဲ့ မှတ်တမ်းတွေ၊ သေဆုံးသူတွေရဲ့ အလောင်း ဆေးစစ်ချက်တွေနဲ့ မျက်မြင်သက်သေတွေရဲ့ အစစ်ခံချက် အမြောက်အမြားကို တရားရုံးရှေ့မှာ သက်သေအဖြစ် တင်ပြဖို့ ရှိတဲ့အပြင် လာအိုနဲ့ ထိုင်းရဲအရာရှိတွေ အရပ်သားတွေကလည်း သက်သေထွက်ဆိုမယ်လို့ ဆိုပါတယ်။ တရုတ်စုံစမ်းစစ်ဆေးသူတွေကတော့ နော်ခမ်းအဖွဲ့သားတွေနဲ့ ထိုင်း စစ်သားတချို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က မဲခေါင်မြစ်တွင်း တရုတ်-မြန်မာနယ်စပ်နားက ဆိပ်ကမ်းတခုမှာ တရုတ်ကုန်တင်သင်္ဘော ၂ စင်းကို တိုက်ခိုက်ပြန်ပေးဆွဲခဲ့ပြီး နောက်ဆုံးမှာ တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်ခဲ့တာလို့ အစီရင်ခံထားပါတယ်။ ရွှေကြိဂံဒေသအတွင်း     မြန်မာနိုင်ငံဘက်ခြမ်းမှာ အခြေစိုက်လူပ်ရှားနေတဲ့ စိုင်းနော်ခမ်းကို မဲခေါင်မြစ်အတွင်းမှာ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုတွေ လူသတ်မှုတွေအတွက်  မြန်မာ၊ ထိုင်း၊ လာအိုနဲ့ တရုတ်နိုင်ငံတွေကလည်း အလိုရှိနေတာပါ။ ထိုင်းနိုင်ငံက သူ့ကိုဖမ်းဖို့ ဘတ်ငွေ ၂  သန်း ဆုငွေထုတ်ပြီးနောက်မှာ အခုနှစ် ဧပြီလအတွင်း လာအိုနိုင်ငံမှာ ဖမ်းဆီးရမိပြီး တရုတ်နိုင်ငံကို မေလမှာ လွှဲပေးခဲ့ပါတယ်။ ဒီအမှုကို တရုတ်တရားရုံးက အမိန့်ချဖို့ကတော့ ချက်ချင်းဖြစ်နိုင်ဦးမှာ မဟုတ်ဘူးလို့ တရုတ်အစိုးရပိုင် မီဒီယာတွေမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024